DVB Logo
Home
မြန်မာသတင်း
ကနီတွင် စစ်တပ်က အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး ရွာစဉ်လှည့် မီးရှို့နေ
DVB
·
May 12, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် တောင်ခြမ်းကို  ဧပြီ ၂၈ ရက်က စတင်ကာ မေ ၁၂ ရက် အထိ စစ်အာဏာရှင်တပ်က အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးကာ ရွာစဉ်လှည့် အကြမ်းဖက် မီးရှို့နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုံရွာ နမခ ကနေ ယင်းမာပင်မြို့နယ် ဘန့်ဘွေး-ရော်ကျင်းကတဆင့် ကနီမြို့နယ်အတွင်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။

စစ်ကြောင်းတွေ ရောက်လာတာ ဒီနေ့အထိဆိုရင် ၁၅ ရက်ရှိလာပြီး ကနီ‌ တောင်လက်မှာရှိတဲ့ ချင်းတောင်၊ လယ်ရှည်၊ လင်ပုန်းရည်၊‌ ချောင်းမ၊ အောင်မင်္ဂလာ၊ သင့်ဝင်၊ မင်းမ အပါအဝင် ကျေးရွာ ၄၄ ရွာက ဒေသခံပြည်သူ ၃၀,၉၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အောင်မင်္ဂလာကျေးရွာက စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

“ရာသီဥတုအခြေအနေကလည်း မိုးရွာလိုက် နေပူလိုက် ဖြစ်နေတော့ စစ်ရှောင်တွေ ဖျားနာမှုတွေလည်း ဖြစ်နေကြတယ်။‌ နောက်ပြီး ရက်ရှည် စစ်ရှောင်ကြရတော့ ဒေသခံပြည်သူများမှာ စားဝတ်နေရေး အခက်အခဲများနဲ့လည်း ကြုံတွေ့နေကြရပါတယ်။”

စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ တောင်သူလယ်သမားတွေမှာ လယ်ယာစိုက်ခင်းတွေ စတင်ထွန်ယက်ချိန် ရောက်နေပေမဲ့ ထွန်ယက်တဲ့လုပ်ငန်းတွေ မလုပ်နိုင်ဘဲ ထိခိုက်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက “ကနဦးဆုံးက ချောင်းမကနေ အင်အား ၆၀၀ လောက်နဲ့ ၃ ကြောင်း ခွဲတက်လာတယ်။ တကြောင်းက ချောင်းမရွာကနေ ကနီ-ချောင်းမ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတယ်။ အခု ဒီနေ့မှာ မင်းမရွာမှာ ရောက်နေပြီ။ နောက်ထပ် ၂ ကြောင်းက မုံရွာ-ယာကြီး-ကလေး လမ်းမကြီးအတိုင်း တက်လာပြီး သလင်းရွာလမ်းခွဲကနေ ကနီမြို့ဘက်ကို ခွဲထွက် စစ်ကြောင်းထိုးတယ်။ အခု အဲဒီစစ်‌ကြောင်းက မေလ ၁၂ ရက်နေ့ မနက်ခင်းပိုင်းကစပြီး ကနီမြို့အနီးက ရှမ်းမြောင်းရွာ၊ မင်းကုန်းရွာ၊ တဇယ်ချောင်ရွာနဲ့ ညောင်ပင်ဝန်းရွာတွေကို မီးရှို့နေတာတွေ ပြုလုပ်နေတယ်ဗျ။ ပျက်စီးမှု အတိုင်းအတာတော့ မသိရသေးဘူး။ စစ်‌ကြောင်းကလည်း ရွာထဲကနေ မထွက်သေးဘူး” လို့ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဇီးပင်တွင်းရွာက စိတ်ဝေဒနာသည် တယောက်ကိုလည်း ပစ်သတ်ခဲ့သလို ပြည်သူတွေရဲ့ ကားနဲ့ လှည်း၊ နွားတွေကိုလည်း ယူဆောင်ကာ လူမတွေ့တဲ့ ကျေးရွာတွေက လူနေအိမ်တွေကို ရှာဖွေဖျက်ဆီးနေတယ်လို့ ကျောက်လုံးကြီး တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က ကနီမြို့အတွင်းကနေ အင်အား ၂၀၀ နဲ့ ကနီမြို့နယ် တောင်ပိုင်းကို ထပ်မံ စစ်ကြောင်းထိုးလာသလို ဘန့်ဘွေး ပျူရွာကနေလည်း အင်အား ၂၀၀ လောက်နဲ့ ကနီမြို့နယ်ထဲကို ထပ်မံစစ်ကြောင်းထိုးလာပြီး အခု‌ မေ ၁၂ ရက်မှာ ချင်းတောင်ရွာအနီးမှာ တပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013