
လက်ရှိဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွက် ပြည်ပအထောက်အပံ့၊ ချေးငွေနဲ့ နည်းပညာအကူအညီပေးတဲ့နိုင်ငံတွေထဲမှာ ဂျပန်က အများဆုံးဖြစ်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်က စစ်အာဏာရှင် ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာကို ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုသွားတာပါ။
ဝန်ကြီးဌာန ၁၃ ခုက ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ မတ်လကုန်ထိ ပြည်ပအကူအညီ အထောက်အပံ့နဲ့ နည်းပညာအကူ အညီရရှိမှုမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၆ သန်းခွဲနဲ့ အများဆုံးရရှိခဲ့တာဖြစ်ပါတယ်။
အကူအညီအထောက်အပံ့ရရှိမှု တန်ဖိုးအရ ဂျပန်နိုင်ငံက အများဆုံးရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ သန်းခွဲဖြစ်တယ်လို့ ဦးဟန်ဝင်းအောင်က ပြောပါတယ်။
အကူအညီအထောက်အပံ့နဲ့ နည်းပညာအကူအညီပေးတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းတွေမှာ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း၊ INGO တွေက ၃ ဒသမ ၄ သန်း၊ အိန္ဒိယက ၁ ဒသမ ၄၂၄ သန်း၊ UNFPA က သုည ဒသမ ၆၉၄ သန်း၊ တရုတ်က သုည ဒသမ ၅၁၀ သန်း၊ ထိုင်းက သုည ဒသမ ၃၅၀ သန်း၊ Multi Donor တွေက သုည ဒသမ ၃၃၇ သန်း၊ WHO က သုည ဒသမ ၂၈၈ သန်း၊ Regional က သုည ဒသမ ၀၉၉ သန်းနဲ့ UNICEF က သုည ဒသမ ၀၈၀ သန်းတို့ ဖြစ်တယ် စာရင်းတွေအရ သိရပါတယ်။
အဆိုပါ ပြည်ပအကူအညီအထောက်အပံ့နဲ့ နည်းပညာအကူအညီရရှိတဲ့ ကဏ္ဍတွေမှာ ပညာရေးက ၄၇ ဒသမ ၅၁ ရာခိုင်နှုန်း နဲ့ အများဆုံးဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း ၂၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ၁၄ ဒသမ ၀၄ ရာခိုင်နှုန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ၈ ဒသမ ၈၀ ရာခိုင်နှုန်း၊ ကျန်းမာရေး ၂ ဒ သမ ၆၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး သုည ဒသမ ၆၆ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး သုည ဒသမ ၃၇ ရာခိုင်နှုန်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေး သုည ဒသမ ၃၇ ရာခိုင်နှုန်း၊ စွမ်းအင် သုည ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ မွေးမြူရေးကဏ္ဍက သုည ဒသမ ၃၆ ရာခိုင် နှုန်းတို့ဖြစ်တယ်လို့ စာရင်းအရ သိရပါတယ်။
ဝန်ကြီးဌာနတွေအနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်းနဲ့ အများဆုံးဖြစ်ပြီး သမ/ကျေး လက်ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်း၊ ပို့/ဆက်ဝန်ကြီးဌာန ၁ ဒသမ ၂၃၄ သန်း၊ သယံဇတဝန်ကြီးဌာ နက သုည ဒသမ ၈၆ သန်း၊ လူ/ကယ်ပြန်ဝန်ကြီးဌာနက သုည ဒသမ ၆၉၄ သန်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ သုည ဒသမ ၃၆၈ သန်း၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက သုည ဒသမ ၃၂၈ သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက သုည ဒသမ ၀၉၁ သန်း၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာနက သုည ဒသမ ၀၅၀ သန်း၊ စိုက်၊ မွေး၊ ဆည်ဝန်ကြီးဌာနက သုည ဒသမ ၀၄၉ သန်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက သုည ဒသမ ၀၄၉ သန်း၊ ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေးဝန်ကြီးဌာနက သုည ဒသမ ၀၀၉ သန်းနဲ့ ပညာရေးဝန်ကြီးဌာနက နည်းပညာအကူအညီတို့ ဖြစ်ကြပါတယ်။











