DVB Logo
Home
Lead Story
မလုံခြုံတဲ့ အိပ်မက်ပျက်မြို့တော်
DVB
·
April 25, 2026
မလုံခြုံတဲ့ အိပ်မက်ပျက်မြို့တော်
Donate to DVB

"ရန်ကုန်မြို့ကြီးက အရင်လို မဟုတ်တော့ဘူး" ဆိုတဲ့ စကားဟာ အခုချိန်မှာတော့ သက်ပြင်းချရုံတင်မကဘဲ ကြောက်စိတ်ပါ ဒွန်တွဲနေတဲ့ စကားတခု ဖြစ်နေပါတယ်။

ညဉ့်နက်ပိုင်း ရောက်ပြီဆိုရင် အေးအေးဆေးဆေး အိပ်စက်ရမဲ့အစား "ဧည့်စာရင်း" ဆိုတဲ့ အကြောင်းပြချက်နဲ့ တံခါးလာခေါက်မလားဆိုပြီး ထိတ်လန့်နေရသလို နေ့ခင်းဘက် လမ်းမပေါ်ထွက်ရင်လည်း "ပေါ်တာဆွဲ" ခံရမလား ဒါမှမဟုတ် စစ်ဆေး၊ ဖမ်းဆီးခံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေက မြို့ပြရဲ့ လေထုထဲမှာ အပြည့်ပါပဲ။

ဒီအခြေအနေတွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဆိုးဝါးလာခဲ့တာလို့ ပြောလို့ရပါတယ်။ အဓိကအားဖြင့်တော့ ၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး မြို့ပြရဲ့ လုံခြုံရေး အခြေအနေဟာ အရင်ကထက် သိသိသာသာကို ပိုတင်းကျပ်ပြီး ကြောက်စရာကောင်းလာတာပါ။

အပြောင်းအလဲဖြစ်စေတဲ့ အဓိက အချိုးအကွေ့အချို့ကို ကြည့်မယ်ဆိုရင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး ဒီဥပဒေကို အကောင်အထည်ဖော်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ "ဧည့်စာရင်းစစ်တာ" နဲ့ "လမ်းပေါ်မှာ ပေါ်တာဆွဲတာ" တွေက ပုံမှန်ထက် ပိုများလာပါတယ်။

အရင်က နိုင်ငံရေးအရ ရှာဖွေတာမျိုးပဲ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ လူငယ်တွေကို စစ်ထဲသွင်းဖို့ ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေက မြို့နယ်တိုင်းလိုလိုမှာ ပြုလုပ်လာတာပါ။

ရန်ကုန်အနောက်ပိုင်းခရိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စာရေးသူဟာ စစ်တမ်းကောက်နေသူအဖြစ်နဲ့ ပါဝင်ပါတယ်။ ၂၀၂၅ ဧပြီကနေ ဇွန်လအတွင်း ကောက်ယူခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင် အခြေအနေက ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေက ပိုများလာတာကို တွေ့ရပါတယ်။

စစ်တမ်းကောက်ယူသူတယောက်အနေနဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပြီး ပြန်ကြည့်တဲ့အခါမှာ သိသာထင်ရှားတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေကို တွေ့ရှိရတာ ဖြစ်ပါတယ်။ အချက်အလက် ကိန်းဂဏန်းတချို့က သတိမထားမိတဲ့ အရာတွေကို သတိထားမိလာတဲ့ အခြေအနေကို ဖြစ်စေပါတယ်။

အရင်က စစ်ကားတွေနဲ့ လာတတ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ သာမန် တက္ကစီကားတွေ၊ အိမ်စီးကားတွေ၊ လူနာတင်ကားတွေနဲ့ အရပ်ဝတ်တွေသုံးပြီး ဖမ်းဆီးတာမျိုးတွေ လုပ်လာတာကြောင့် ပြည်သူတွေအတွက် ဘယ်သူ့ကို ယုံရမှန်းမသိအောင် ဖြစ်လာခဲ့တာပါ။

ဒီလို ချောက်ချားစရာကောင်းတဲ့ မြို့ပြဘဝဟာ ၂၀၂၄ ခုနှစ်ကတည်းက စတင် အရှိန်ရလာခဲ့ပြီး ၂၀၂၅ ခုနှစ်နဲ့ အခု ၂၀၂၆ ထဲမှာတော့ ပြည်သူတွေအတွက် နေ့စဉ်ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တခုလို အမြဲတမ်း သတိထားနေရတဲ့ အခြေအနေအထိ ရောက်ရှိသွားတာ ဖြစ်ပါတယ်။

မိတ်ဆွေတယောက်ကတော့ “ဒီအခြေအနေတွေက မြို့စွန်ကလူတွေ အဓိက ခံစားနေကြရတာပါ။ မြို့စွန်ကျတဲ့သူတွေက အနေအထိုင်ဆင်းရဲရတဲ့အထဲ အခုလို အခြေအနေတွေရဲ့ သားကောင်တွေ ဖြစ်နေကြရတာ” လို့ ပြောပြပါတယ်။

အချက်အလက်တွေအရ စမ်းချောင်း၊ ကမာရွတ်နဲ့ မြောက်ဥက္ကလာပလို မြို့နယ်တွေမှာ ဧည့်စာရင်း စစ်ဆေးတာတွေ လုပ်ပြီးတော့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးဖို့နဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်တဲ့နေရာမှာ လက်နက်တခုလို ဧည့်စာရင်းစစ်ဆေးတာကို သုံးနေကြတာပါ။

ဒါတင်မကသေးဘူး၊ လမ်းမတွေပေါ်မှာ တားဆီးစစ်ဆေးတဲ့အခါ ဖုန်းထဲက ဓာတ်ပုံတွေ၊ Social Media တွေကိုပါ အသေးစိတ် မွှေနှောက်ကြည့်ရှုတာဟာ လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်ရဲ့ ညဉ့်ဦးယံတွေဟာ အိပ်မက်တွေဆီ ပျံသန်းရမဲ့အချိန် မဟုတ်တော့ဘဲ တံခါးခေါက်သံကို နားစွင့်ရင်း ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းရတဲ့နေရာ ဖြစ်လာပါတယ်။ အရင်ကတော့ ဧည့်စာရင်းဆိုတာ ဧည့်သည်လာရင် တိုင်ရတဲ့ အရာတခုပါ။

အခုတော့ စမ်းချောင်း၊ ကမာရွတ်နဲ့ မြောက်ဥက္ကလာပလို လူငယ်တွေ အခြေချရာ မြို့နယ်တွေမှာ ဧည့်စာရင်းဟာ လူငယ်တွေကို အမှောင်ထဲ ဆွဲခေါ်သွားမဲ့ ထောင်ချောက်တခုလို အသွင်ပြောင်းသွားခဲ့ပါပြီ။

အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းတာတွေ၊ လမ်းမပေါ်မှာ ဖမ်းဆီးတာတွေဟာ မြို့ပြရဲ့ ကြောက်မက်ဖွယ်ရာ လက်နက်တခု ဖြစ်လာပါတယ်။

အိတ်ကပ်ထဲက ဖုန်းလေးတွေဟာလည်း အခုဆိုရင် အန္တရာယ်ရှိလာပါတယ်။ လမ်းမပေါ်မှာ တားဆီးခံရတဲ့အခါ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ၊ သူငယ်ချင်းတွေနဲ့ ပြောထားတဲ့ စကားတွေ၊ လူမှုကွန်ရက်ပေါ်က ရင်ဖွင့်သံတွေကို စိတ်ကြိုက် မွှေနှောက်ကြည့်ရှု ခံနေရတာဟာ ဒစ်ဂျစ်တယ် ဖိနှိပ်မှုရဲ့ အဆိုးဝါးဆုံး ပုံစံပါပဲ။

လူတယောက်ရဲ့ အတွေးအခေါ်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုတွေဟာ ဖုန်းမျက်နှာပြင်တခုပေါ်မှာတင် ချိုးဖျက်ခံနေရပါတယ်။ အိမ်ထဲမှာနေလည်း တံခါးခေါက်သံကို ကြောက်ရ၊ အပြင်ထွက်ပြန်တော့လည်း ကိုယ့်ဖုန်းထဲက ကိုယ့်သမိုင်းကြောင်းကို သူစိမ်းတွေ ဖတ်ကြည့်မှာကို စိုးရိမ်ရတဲ့ ဒီခေတ်ကြီးဟာ မြို့ပြမှာ နေထိုင်ရတဲ့သူတွေ အတွက်တော့ အကျဉ်းထောင်မဲ့ အကျဉ်းသားဘဝပါပဲ။

ရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေ ရှိနေသလိုပဲ အင်တာနက် လမ်းကြောင်းပေါ်မှာလည်း မမြင်ရတဲ့ဂိတ်တွေနဲ့ ပိတ်ဆို့ထားပါတယ်။ ကိုယ်ကြည့်ချင်တဲ့ သတင်း၊ ကိုယ်ပြောချင်တဲ့ စကားနဲ့ ကိုယ်ချိတ်ဆက်ချင်တဲ့ ကမ္ဘာကြီးဟာ ဖန်သားပြင်ရဲ့ တဖက်ခြမ်းမှာတင် လေဖြတ်ထားသလို ရပ်တန့်နေခဲ့တာ ကြာပါပြီ။

ဒီလို အမှောင်ချခံထားရတဲ့ အခြေအနေမှာ VPN ဆိုတာ ကျနော်တို့အတွက်တော့ ခိုးယူရှူရှိုက်နေရတဲ့ အောက်ဆီဂျင်လေးတခုလိုပါပဲ။ ဖုန်းမျက်နှာပြင်ရဲ့ အပေါ်ထောင့်လေးမှာ ပေါ်လာတဲ့ သော့ခတ် ပုံစံလေး (သို့မဟုတ်) VPN ဆိုတဲ့ စာသားလေးဟာ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ပေးမဲ့ တခုတည်းသော လမ်းကြောင်း ဖြစ်လာပါတယ်။

ဒါပေမဲ့ အဲဒီ အသက်ရှူပေါက်လေးကလည်း အမြဲတမ်း ချောမွေ့မနေပါဘူး။

VPN ဖွင့်ထားတာကို တွေ့ရင် ရန်သူကိုတွေ့သလို စစ်ဆေးမေးမြန်းခံရမလားဆိုတဲ့ ထိတ်လန့်မှုတွေ၊ တနေ့တခြား ပိုပြီး ပိတ်ဆို့လာတဲ့ နည်းပညာ တံတိုင်းတွေကြားမှာ အင်တာနက် သုံးနေရတာဟာ ပုန်းလျှိုးကွယ်လျှိုး ပြေးလွှားနေရတာနဲ့ ပိုတူပါတယ်။

ခေတ်မီတဲ့ မြို့ပြနေထိုင်သူတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်အိမ်ထဲမှာ ကိုယ်ထိုင်ပြီး ကမ္ဘာကြီးကို လှမ်းကြည့်ဖို့တောင်မှ တရားမဝင်သလိုလို၊ ခိုးကြောင်ခိုးဝှက် ဖြစ်နေရသလိုလိုနဲ့ ရှင်သန်နေရတာဟာ တကယ့်ကို ရင်နာစရာပါ။

VPN ချိတ်လိုက်တိုင်း တက်လာတဲ့ Signal လေးဟာ လွတ်လပ်မှုကို ရှာဖွေနေတဲ့ ရုန်းကန်သံဖြစ်သလို အမှောင်ထဲမှာ လမ်းမပျောက်အောင် ထွန်းထားရတဲ့ မီးအိမ်သေးသေးလေး တလုံးလည်း ဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေကြားကနေ ကမ္ဘာကြီးကို လှမ်းမြင်ရဖို့၊ အမှန်တရားကို သိခွင့်ရဖို့အတွက် နေ့စဉ်နဲ့အမျှ ကျော်ဖြတ်နေကြရဆဲ ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ အမျိုးသမီးတွေရဲ့ လုံခြုံရေးပါပဲ။ ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ ကောက်ယူခဲ့တဲ့ သုတေသနမှတ်တမ်းတွေကို ကြည့်ရင် ရင်နာစရာတွေချည်းပါပဲ။ မိန်းကလေးတယောက်ကို အတင်းအဓမ္မ ဖမ်းခေါ်သွားတာတွေ၊ ပိုပြီး ကြောက်စရာကောင်းတဲ့ နောက်ထပ်ဖြစ်စဉ်တခုမှာဆိုရင် အမျိုးသမီးတဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်တဲ့အထိ ရက်စက်လာကြတာပါ။ ဒါတွေဟာ ရန်ကုန်မှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘူး ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။

တခါကတော့ ရန်ကုန်ရဲ့ ညနေခင်းတွေဟာ သနပ်ခါးပါးကွက်ကြားနဲ့ မိန်းမပျိုလေးတွေ အေးအေးလူလူ လမ်းလျှောက်ခဲ့ကြတဲ့ ပန်းချီကားတချပ်ပါ။ ဒါပေမဲ့ အခုတော့ အဲဒီပန်းချီကားဟာ သွေးစွန်းပြီး စုတ်ပြတ်နေခဲ့ပါပြီ။ အမျိုးသမီးတွေအတွက် မြို့ပြရဲ့ လမ်းမတွေဟာ လုံခြုံတဲ့ခိုလှုံရာ မဟုတ်တော့ဘဲ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ မှန်းဆလို့မရတဲ့ အန္တရာယ်တောအုပ်တခုလို ပြောင်းလဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီကနေ ဇွန်လအထိ မှတ်တမ်းတင်ထားတဲ့ နာကျင်စရာ ဖြစ်ရပ်တွေဟာ သတင်းစကားထက် ပိုပါတယ်။ လမ်းမပေါ်မှာတင် မိန်းကလေးတယောက်ကို အတင်းအဓမ္မ ဖမ်းခေါ်သွားတာမျိုးကနေ ပိုပြီး ရင်ထိတ်တုန်လှုပ်စရာကောင်းတဲ့ လူသတ်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်။

အိမ်ပြင်ထွက်ရင် နောက်ကျောမှာ မျက်လုံးပါနေရသလို အိမ်ပြန်နောက်ကျရင်လည်း မိသားစုဝင်တွေမှာ ရင်တမမနဲ့ စောင့်နေရပါတယ်။ မြို့ပြရဲ့ မီးရောင်စုံအောက်မှာ လုံခြုံမှုဆိုတာဟာ အမျိုးသမီးတွေအတွက် ဈေးကြီးလွန်းတဲ့ ပစ္စည်းတခု ဖြစ်လာခဲ့ပါပြီ။

တကယ်တော့ ဒါဟာ ရာဇဝတ်မှုတွေ တိုးပွားလာတာတင်မကဘဲ လူသားဆန်မှုတွေ ကွယ်ပျောက်ပြီး တိရစ္ဆာန်ဆန်တဲ့ ရက်စက်မှုတွေက မြို့ပြရဲ့ အစိတ်အပိုင်း ဖြစ်လာတာပါ။

အိမ်စီးကား၊ တက္ကစီကားတွေနဲ့ လူနာတင်ယာဉ်တွေသုံးပြီး အရပ်ဝတ်နဲ့ ဖမ်းဆီးတာမျိုးတွေ လုပ်လာကြပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် အိမ်ပြင်ထွက်ဖို့ဆိုတာ တကယ့်ကို မရေရာတဲ့ အခြေအနေ ဖြစ်နေပါပြီ။

စာရေးသူရဲ့ နောက်ထပ်မိတ်ဆွေတဦးကို ဒီအခြေအနေကိုမေးကြည့်တော့ “အိမ်စီးကား၊ တက္ကစီကားတွေနဲ့ပဲ မဟုတ်ဘူး။ လူနာတင်ကားတွေနဲ့ ဆွဲတာ။ ပရဟိတသမားတွေနဲ့ ပေါင်းလုပ်တာ။ ဒီလိုအသံထွက်နေတာလည်း ကြာပါပြီ” လို့ ပြောပြပါတယ်။

သူ့စကားသံအဆုံးမှာ သက်ပြင်းချသံကိုတော့ ခပ်ပြင်းပြင်းလေး ကြားလိုက်ရပါတယ်။

အရင်က ရန်ကုန်ရဲ့ လမ်းမတွေဟာ အိပ်မက်တွေဆီ သွားရာလမ်း ဖြစ်ခဲ့ပေမဲ့ အခုတော့ အဲဒီလမ်းမတွေဟာ အန္တရာယ်တွေ ချောင်းမြောင်းနေတဲ့ ကျော့ကွင်းတွေ ဖြစ်လာခဲ့တာ ကြာပါပြီ။ အရင်လို စစ်ကားကြီးတွေ၊ ယူနီဖောင်းဝတ်တွေနဲ့ လာတာမျိုး မဟုတ်တော့ဘဲ သာမန် အရပ်သားကားတွေ၊ တက္ကစီကားတွေနဲ့ အရပ်ဝတ်တွေ ဝတ်ပြီး အသွင်ယူဖမ်းဆီးတဲ့ ပေါ်တာဆွဲမှုဟာ မြို့ပြမှာနေသူတွေအတွက် ချောက်ချားစရာ ဖြစ်နေပါတယ်။

အိမ်ကနေ အပြင်ကို ခြေလှမ်းတလှမ်း လှမ်းလိုက်တိုင်း ဒါဟာ လမ်းလျှောက်တာ မဟုတ်တော့ဘဲ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင် ပြန်လောင်းကြေးထပ်ရတဲ့ ရှင်သန်ခြင်း လောင်းကစားတခုလို ဖြစ်နေပါတယ်။ ဘယ်ကားက ကိုယ့်ကို ပျော်ရွှင်စရာ နေရာဆီ ပို့ပေးမလဲ၊ ဘယ်ကားက ကိုယ့်ရဲ့ အနာဂတ်ကို အမှောင်ထဲ ဆွဲခေါ်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်တော့တဲ့ အခြေအနေပါ။

လူငယ်တွေအတွက်တော့ ရန်ကုန်ရဲ့ လမ်းမတွေဟာ လွတ်လပ်စွာ လျှောက်လှမ်းရာမြေ မဟုတ်တော့ဘဲ ခြေတလှမ်း မှားလိုက်တာနဲ့ ဘဝတခုလုံး ပျောက်ဆုံးသွားနိုင်တဲ့ မိုင်းကွင်းတွေလိုပါပဲ။

မြို့ပြရဲ့ ရင်ခုန်သံဟာ အလုပ်အကျွေးပြုခြင်းထက် စိုးရိမ်ထိတ်လန့်ခြင်းတွေနဲ့သာ မြန်ဆန်နေရပြီး လမ်းမတွေပေါ်မှာ ကျန်ရစ်ခဲ့တာကတော့ မရေရာတဲ့ မနက်ဖြန်တွေအတွက် လူငယ်တွေရဲ့ သက်ပြင်းချသံတွေပဲ ဖြစ်ပါတော့တယ်။

ဒီနေ့ခေတ် ရန်ကုန်ဟာ မြေပုံပေါ်မှာတော့ မြို့ကြီးတမြို့အဖြစ် ရှိနေဆဲဖြစ်ပေမဲ့ အထဲမှာ ရှင်သန်နေရသူတွေ အတွက်တော့ နံရံမရှိတဲ့ အကျဉ်းထောင်ကြီးတခုလိုပါပဲ။ အထူးသဖြင့် အိပ်မက်ကိုယ်စီရှိကြတဲ့ လူငယ်တွေအတွက်တော့ ဒီမြို့ပြဟာ အားကိုးရာမဲ့ခြင်းတွေ စုဝေးရာ ပင်လယ်ပြင်ကြီးတခု ဖြစ်နေပါတယ်။

အိမ်ဆိုတာ တခါကတော့ အလုံခြုံဆုံး ခိုလှုံရာပါ။ ဒါပေမဲ့ အခုတော့ အိမ်တံခါးကို လုံအောင်ပိတ်ထားရင်တောင် အမှောင်ထဲကလာမဲ့ တံခါးခေါက်သံကို ကြောက်နေရတဲ့ အကာအကွယ်မဲ့ဇုန် ဖြစ်သွားခဲ့ပါပြီ။ အပြင်ထွက်ပြန်ရင်လည်း လမ်းမထက်က ခြေလှမ်းတိုင်းဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သေမင်းနဲ့ စစ်တုရင်ကစားပွဲလိုပါပဲ။

ဒီလိုနဲ့ ရန်ကုန်သူ ရန်ကုန်သားတွေအတွက် နေ့စဉ်ဘဝဟာ ရှင်သန်ခြင်းထက် မသေရုံတမယ် ကြိုးစားနေရတဲ့ ငရဲခန်းတခုလို ဖြစ်လာပါတယ်။ မနက်လင်းလို့ အိမ်ပြင်ထွက်သွားသူဟာ ညနေမှာ အိမ်ကို အကောင်းအတိုင်း ပြန်ရောက်ပါ့မလားဆိုတာ တနေ့ချင်းစီအတွက် ဆုတောင်းနေရတဲ့ ဘဝတွေပါ။

မြို့ပြရဲ့ မီးရောင်တွေဟာ အရင်လို မတောက်ပတော့ဘဲ မှုန်ရီမှိုင်းညို့နေသလို ပြည်သူတွေရဲ့ မျက်ဝန်းမှာလည်း မျှော်လင့်ချက်အရောင်တွေထက် ကြောက်ရွံ့မှုနဲ့ မောပန်းမှုတွေကသာ နေရာယူထားပါတယ်။ ရန်ကုန်ဟာ အခုတော့ အသက်ရှူနေရုံသက်သက်သာရှိတဲ့ ရင်ခုန်သံတွေ တိတ်ဆိတ်သွားတဲ့ အိပ်မက်ပျက် မြို့တော်တခုအဖြစ်နဲ့ ခေတ်ဆိုးကြီးကို ခါးစည်းခံနေရပါတော့တယ်။

တာပလု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013