ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က အင်အား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အပျက်အစီးတွေကြားကနေ လူ ၃၃ ယောက်ကို ကယ်ဆယ်ထားနိုင်တယ်လို့ ယာယီသမ္မတ ဒယ်လ်စီရိုဒီရီဂွက်ဇ်က ဇွန် ၂၈ ရက်မှာ ပြောပါတယ်။
အဲဒီ ကယ်တင်နိုင်ခဲ့သူတွေထဲမှာ သီးခြားစီ ကယ်ထုတ်နိုင်ခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ပါဝင်ပါတယ်။
ဇွန် ၂၉ ရက်အထိ သေဆုံးသူအရေအတွက်ဟာ ၁,၅၀၀ ဝန်းကျင်ရှိနေပြီး ပျောက်ဆုံးနေသူ ထောင်ချီရှိနေဆဲ ဖြစ်ပါတယ်။
စက္ကန့် ၄၀ မပြည့်ခင်မှာ ဆက်တိုက်လှုပ်သွားတဲ့ ဒီငလျင်တွေကြောင့် အဆောက်အအုံ ၈၀၀ နီးပါး ပြိုကျခဲ့ပြီး လူအများအပြား ပိတ်မိနေပါတယ်။
အသက်ရှင်လျက် ကယ်ဆယ်နိုင်ဖို့ အရေးကြီးတဲ့ ၇၂ နာရီ ကျော်လွန်သွားပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဆက်လက်ရှာဖွေနေကြပါတယ်။
လက်ရှိမှာ အမေရိကန်၊ ဗြိတိန်နဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ရှိနေပြီး ကူညီပေးနေပါတယ်။
ယာယီသမ္မတ ရိုဒီရီဂွက်ဇ်က “ဒီလို ဆိုးရွားတဲ့အချိန်တွေမှာ ဘယ်သူမှ တယောက်တည်း မဟုတ်ပါဘူး၊ ပြည်သူတွေနဲ့အတူ နိုင်ငံတော်ရှိသလို နိုင်ငံတကာရဲ့ ကူညီဖေးမမှုတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ အစိုးရက လမ်းတွေပိတ်ထားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာနေတယ်လို့ ဒေသခံတချို့က ဝေဖန်ထားပါတယ်။
အခုဆိုရင် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ကားတွေထဲမှာရော၊ ဂေါက်ကွင်းလို နေရာမျိုးတွေမှာပါ ယာယီခိုလှုံနေကြရပါတယ်။











