
ပြည်သူတွေကို စားအုန်းဆီခွဲတမ်းလျှော့ပြီး ဖြန့်တာဟာ ခပ်ညံ့ညံ့အစီအမံဖြစ်ပြီး အဲဒီလောက်ပဲ လုပ်တတ်လားလို့ ရန်ကုန်တိုင်း၊ အမှတ် ၄ မဲဆန္ဒနယ်က ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပါတယ်။
လက်ရှိမှာ စားအုန်းဆီကို စစ်အာရှင်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကပေးတဲ့ စာအုပ်နဲ့ ခွဲတမ်းကျ ဝယ်ယူသုံးစွဲနေရတာဖြစ်ပြီး ထက်ဝက်လောက်လျှော့ချမဲ့အပေါ် ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဝေဖန်လိုက်တာပါ။
သူက "စားအုန်းဆီ ၂ ဒသမ ၂၅ ကျပ်သားနှုန်း ပေးနေရာကနေ ၁ ဒသမ ၆၅ ကျပ်သားနှုန်း လျှော့ချပြီး ဖြန့်ဝေပေးမယ်လို့ ကြားသိရပါတယ်။ ဆီကိုယ်စားလှယ်တွေက နည်းလမ်းအမျိုးမျိုးသုံးပြီး စားသုံးသူတွေထံမှ အခွင့်အရေးကို လှည့်ပတ်ရယူပြီး ပြင်ပကို အပြင်ပေါက်စျေးနဲ့ ထုတ်ရောင်းနေတဲ့ လေလွင့်မှုကိုမထိန်းချုပ်ဘဲ တဦးချင်း ဆီစားနှုန်းကို လျှော့ချထိန်းချုပ်တဲ့နည်းလမ်းက ဖိနပ်မတော်လို့ ဖနောင့်လှီးတဲ့သဘောမျိုး ခပ်ညံ့ညံ့ အစီအမံပါဗျာ။ အဲလောက်ပဲလုပ်တတ်တာလားတော့မသိ။ ကျနော်တော့ မကြိုက်ဘူး" လို့ ရေးသားထားပါတယ်။
စားအုန်းဆီ ကိုတာ လျှော့ချလို့ အပြင်ပေါက်ဈေး အဆမတန်တက်သွားရင် ခင်ဗျားတို့စီမံမှု မှန်လား မှားလား လို့လည်း ရေးပါတယ်။
စားအုန်းဆီကို ရန်ကုန်မှာ တပတ်ကိုတကြိမ် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဆီစာအုပ်ထပ်၊ တိုကင်ယူရပြီး သက်ဆိုင်ရာဆိုင်တွေမှာ အဲဒီတိုကင်နဲ့ ဝယ်ရတာဖြစ်ပါတယ်။
အခုတော့ တကြိမ်မှာ တပိဿာ ဝယ်လို့ရနေတာကနေ ၅၀ ကျပ်သားပဲ ရတော့တဲ့ မြို့နယ်တွေရှိသလို တချို့မြို့နယ်တွေမှာတော့ အိမ်ငှားတွေအနေနဲ့ ဆီစာအုပ်နဲ့ ဝယ်ယူမရတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အရင်က ဆီကုန်သည်အသင်းကို ဖုန်းဆက်ပြီး တပတ်တကြိမ် ဆီ ၂ ပိဿာခွဲ မှာလို့ရသလို G3G အက်ပလီကေးရှင်းကနေလည်း မှာယူလို့ရခဲ့ပြီး အခုတော့ G3G အက်ပလီကေးရှင်းကနေ မှာယူလို့ မရတော့တဲ့အပြင် ဖုန်းဆက်လို့လည်း မရတော့ဘူးလို့ စားသုံးသူတွေဆီက သိရပါတယ်။
ဦးဇော်ဝင်းသန့်က တကယ်လို့ အခုလို့ ဆီခွဲတမ်းလျှော့မယ်ဆိုရင်လည်း လူတယောက်ဟာ တလကို ၅၀ ကျပ်သားနှုန်းနဲ့ အိမ်ရှိ လူအကုန်အတွက် ရကိုရရမယ်လို့ ဆိုပါတယ်။
မရဘူးဆိုရင် မြို့နယ်ထွေအုပ်ကိုတိုင်ဖို့၊ အရေးမယူရင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကို သတင်းပို့ဖို့နဲ့ ငုံ့မခံဖို့လည်း တိုက်တွန်းထားပါတယ်။
ဇူလိုင် ၃ ရက်ကနေ ၉ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးဟာ စားအုန်းဆီ တပိဿာကို ၇၂၄၅ ကျပ် ဖြစ်ပေမဲ့ လက်ရှိဈေးကွက်ထဲမှာတော့ ၂ ဆလောက်နဲ့ ရောင်းဝယ်နေကြတာပါ။










