
အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပြစ်မှုထင်ရှားတဲ့ ပါလက်စတိုင်းတွေကို အလိုအလျောက် သေဒဏ် ချမှတ်နိုင်မဲ့ ဥပဒေသစ် တရပ်ကို အစ္စရေးနိုင်ငံရဲ့ ကနက်ဆက်လွှတ်တော်ကနေ ပြဋ္ဌာန်း လိုက်ပါတယ်။
အဲဒီဥပဒေဟာ ခွဲခြားဆက်ဆံရာ ရောက်တယ်ဆိုပြီး ဝေဖန်ထားကြသလို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီစတဲ့ ဥရောပနိုင်ငံတွေကလည်း "ဒီမိုကရေစီအခြေခံမူတွေကို" ထိခိုက်စေနိုင်ကြောင်း သတိပေးထားပါတယ်။
မတ် ၃၀ ရက်မှာလုပ်ခဲ့တဲ့ မဲခွဲဆုံးဖြတ်မှုအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကိုယ်တိုင်ထောက်ခံခဲ့တာ တွေ့ရပြီး ထောက်ခံမဲ ၆၂ မဲ - ကန့်ကွက်မဲ ၄၈ မဲ ရလဒ်နဲ့ အတည်ပြု ခဲ့တာပါ။
အဲဒီဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဘန်ဂါဗီယာရဲ့ ဦးဆောင်မှုနဲ့အတူ လက်ယာစွန်းဝါဒီတွေက အပြင်းအထန် တွန်းအားပေးခဲ့ကြတာပါ။
ဒါကြောင့် အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ခံရပြီး အသက်ဆုံးရှုံးစေတဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့မယ်ဆိုရင် အစ္စရေးစစ်ခုံရုံးကနေ ပါလက်စတိုင်းတွေကို ရက် ၉၀ အတွင်း ကြိုးပေး ကွပ်မျက်ပိုင်ခွင့် ရှိပါတယ်။
တကယ်လို့ အချိန်ရွှေ့ဆိုင်းရမယ် ဆိုရင်လည်း ရက်ပေါင်း ၁၈၀ အထိသာ အများဆုံးခွင့်ပြုကြောင်း ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီဥပဒေဟာ အစ္စရေးနိုင်ငံသား ဂျူးလူမျိုးတွေပါ အကြုံးဝင်တယ်ဆိုပေမဲ့လည်း တကယ် လက်တွေ့ မှာတော့ သေဒဏ်ပေးခံရနိုင်ခြေ မရှိသလောက်နည်းပါတယ်။
ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က "အစ္စရေးနိုင်ငံရဲ့ တည်ရှိနေမှုကို ပျောက်ကွယ် သွားစေဖို့"ဆိုတဲ့အချက်နဲ့အကြုံးဝင်မှသာ သေဒဏ်ချမှတ်နိုင်တာကြောင့် ဖြစ်ပါတယ်။
အစ္စရေးလွှတ်တော်အမတ် လီမောဆွန်ဟာမဲလက်ချ်ကတော့ သူ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူ တယောက်ဟာ လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပြန်ပါလာခဲ့တယ်ဆိုတဲ့ သာဓကအပေါ် ထောက်ပြသွားပါတယ်။
အဲဒီနောက် အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ယဲဂိုလန်က ဒါဟာ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် အစ္စရေးလုံခြုံရေးအတွက်ပါ အနည်းငယ်တောင် အထောက်အကူ မပြုပါဘူးလို့ မှတ်ချက်ပေးပါတယ်။
အစ္စရေးအခြေစိုက် နိုင်ငံသားအခွင့်အရေးအသင်းကလည်း ဥပဒေကို ဆန့်ကျင်ပြီး အယူခံ တင်သွင်း ထားတဲ့အလျောက် လက်ခံကြားနာဖို့ ရှိ၊ မရှိဆိုတာဟာ တရားရုံးချုပ်အပေါ်မှာပဲ မူတည်လို့ နေပါတယ်။
အစ္စရေးသမိုင်းတလျှောက် သေဒဏ်ပေးကွပ်မျက်ခံရသူ ၂ ယောက်သာ ရှိခဲ့ဖူးပြီး အဲဒီအထဲက တယောက်ဟာ ဟိုလိုကော့စ် ဂျူးလူမျိုးတုံးသတ်ဖြတ်မှုရဲ့ အဓိကတာဝန်ရှိသူ နာဇီတပ်မှူးဟောင်း အဒေါ့ဖ် အိုက်ခ်မန်းပဲ ဖြစ်ပါတယ်။
Source: Reuters










