DVB Logo
Home
နိုင်ငံတကာ
UNRWA စခန်း၌ စစ်ဘက်အဆောက်အအုံ တည်ဆောက်မည့် အစ္စရေး အစီအစဉ်ကို ကုလရှုတ်ချ
DVB
·
May 21, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အရှေ့ဂျေရုဆလင်မှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်အေဂျင်စီ (UNRWA) ရဲ့ ရှိတ်ဂျာရာ ဝင်းထဲမှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ဆောက်ဖို့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

အဲဒီနေရာဟာ ကုလသမဂ္ဂပိုင်နက်အဖြစ် ဆက်ရှိနေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က မေ ၂၀ ရက် ထုတ်ပြန်ချက်မှာ ဖတ်ကြားသွားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အစ္စရေးအာဏာပိုင်တွေဟာ UNRWA ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခု ဖြစ်တဲ့ အဲဒီဝင်းကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ “တခါမှ မရှိဘူးသေးတဲ့ အခြေအနေကို ပိုတင်းမာလာစေမဲ့လုပ်ရပ်” ဖြစ်ပြီး ကုလသမဂ္ဂပိုင်နက်တွေရဲ့ မထိပါးရဆိုတဲ့ စည်းကမ်းကို ချိုးဖောက်ရာရောက်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် အရှေ့ဂျေရုဆလင် အပါအဝင် အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေတွေထဲမှာ ကုလသမဂ္ဂ အထွေထွေညီလာခံက ပေးထားတဲ့ ပြတ်သားတဲ့ လုပ်ပိုင်ခွင့်အတိုင်း UNRWA ရဲ့ လုပ်ငန်းတွေ ဆက်လုပ်သွားဖို့ကို ဒီလုပ်ရပ်က အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အတည်ပြုထားသလိုပဲ အစ္စရေးနိုင်ငံအနေနဲ့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေရဲ့ ဘယ်အစိတ်အပိုင်းမှာမှ အချုပ်အခြာအာဏာ ကျင့်သုံးပိုင်ခွင့် မရှိကြောင်းနဲ့ အရှေ့ဂျေရုဆလင် အပါအဝင် အဲဒီသိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲက တရားမဝင် ကျူးကျော်နေထိုင်မှုကို အမြန်ဆုံး အဆုံးသတ်ဖို့ တာဝန်ရှိတယ်လို့ ထည့်သွင်းပြောဆိုထားပြီး ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းကာ ကုလသမဂ္ဂလက်ထဲ ချက်ချင်း ပြန်လွှဲပေးဖို့ အစ္စရေးကို တိုက်တွန်းထားပါတယ်။

တဖက်မှာတော့ အစ္စရေးရဲ့ လက်ယာစွန်းရောက် အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂီဗီယာ က ဒီလုပ်ရပ်အပေါ် တုံ့ပြန်ရာမှာ “ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ပဲ၊ အထိမ်းအမှတ်နေ့တနေ့လည်း ဖြစ်သလို ဂျေရုဆလင်ရဲ့ အုပ်ချုပ်ရေးအတွက် အရမ်းအရေးကြီးတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ဒီအကြမ်းဖက်သမားတွေကို ထောက်ခံတဲ့သူတွေဟာ ဒီနေရာမှာ ရှိနေခဲ့ကြတာ။ ဒီနေ့မှာတော့ ဒီအကြမ်းဖက် အားပေးတွေကို သူတို့ ဒီမှာ လာဆောက်ထားသမျှ အရာအားလုံးနဲ့အတူ ဒီနေရာကနေ မောင်းထုတ်လိုက်ပါပြီ။ ဂျေရုဆလင်မှာ အကြမ်းဖက်ဝါဒကို ထောက်ခံတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့ ဒီလိုပဲ လုပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013