မာလင်လို့ နာမည်ပေးထားတဲ့ အိမ်မွေးဘဲလေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မက္ကဆီကိုနိုင်ငံရဲ့ သံတမန် ဖြစ်လာပါတယ်။
မက္ကဆီကိုအသင်းဂျာစီနဲ့ ခြေအိတ် ဝတ်ဆင်ထားတဲ့ အသက် ၂ နှစ်အရွယ် ဒီဘဲလေး မက္ကဆီကိုစီးတီး လမ်းတွေပေါ် လမ်းလျှောက်နေတဲ့ ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ပြီးနောက် လူသိများလာတာပါ။
ကမ္ဘာ့ဖလားကာလ ပြည်သူတွေရဲ့ အသည်းကျော် ဖြစ်လာတဲ့ ဘဲလေး မာလင်ကို မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းက ဇွန် ၂၂ ရက် မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။
မာလင်ဟာ သူ့ရဲ့ နာမည်ကြီး ဂျာစီအင်္ကျီနဲ့ ကမ္ဘာ့ဖလား မာဖလာကို ဝတ်ဆင်ထားပါတယ်။ သူနဲ့အတူ ပိုင်ရှင်ဖြစ်တဲ့ ဈေးသည် ကာလာ အီဗက် ဂိုမက်ဇ်နဲ့ သား ၂ ယောက်ဖြစ်တဲ့ ကားလို့စ်နဲ့ ခရစ်ရှန် တို့လည်း အိမ်တော်ကို လာရောက်ခဲ့ပါတယ်။
မာလင်ကို ဘဲစာ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ငါးတွေ ကျွေးတယ်လို့ ပိုင်ရှင်က ရှင်းပြပါတယ်။
တနင်္ဂနွေနေ့တွေမှာတော့ အသား တာကို (carnitas taco) စားတယ်လို့ သူက ပြောတဲ့အတွက် ပွဲလာသူတွေ ရယ်မောခဲ့ကြပါတယ်။
Source: Reuters











