
စစ်အာဏာသိမ်း ၅ နှစ်ကျော်အကြာ မြန်မာနိုင်ငံဟာ စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး အကျပ်အတည်းတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရတယ်လို့ မြန်မာကက်သလစ်သာသနာပိုင် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက မိန့်ကြားလိုက်တဲ့အကြောင်း CRUX သတင်းမှာ မေ ၁၁ ရက် က ဖော်ပြပါတယ်။
ဆရာတော်ဟာ ပြီးခဲ့တဲ့အပတ်က ဩစတြေးလျနိုင်ငံကို ရောက်ရှိချိန် မေ ၈ ရက် က ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ ဩစတြေးလျ ကက်သလစ်ဆရာတော်ကြီးများ ညီလာခံမှာ ပါဝင်ဟောကြားခဲ့ချိန်မှာ ခုလို မိန့်ကြားလိုက်တာပါ။
ဩစတြေးလျနိုင်ငံက ကက်သလစ် သာသနာပြုအဖွဲ့တွေက မြန်မာနိုင်ငံအပေါ် ပြသတဲ့ စည်းလုံးညီညွတ်မှုဟာ မှောင်မိုက်ထဲက အလင်းရောင်တခုလို ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ကြားလိုက်သလို ဒီပံ့ပိုးမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေဟာ သူတို့ကို အသင်းတော်က မေ့မထားဘူးဆိုတာကို သတိရစေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့လည်း ကုန်ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်နေတာ၊ အလုပ်အကိုင် ရှားပါးလာတာ၊ လူပေါင်း ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာတွေနဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေ ပျက်စီးနေတာတွေအပေါ်လည်း အလေးပေး တင်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူ ပေါင်း ၇၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသလို တော်လှန်ရေး အင်အားစုတွေထဲမှာ လူနည်းစုမျိုးနွယ်စုတွေနဲ့ ခရစ်ယာန်ဘာသာဝင် အများအပြား ပါဝင်နေတာကိုလည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကာဒီနယ် ချားလ်စ်မောင်ဘိုက ဆစ်ဒနီမြို့မှာရှိတဲ့ ဆရာတော်ကြီးတွေရဲ့ ဆက်ဆံရေးဟာ သံတမန်ဆန်ရုံတင်မဟုတ်ဘဲ အလွန်နွေးထွေးပြီး လူသားဆန်တဲ့ ညီအစ်ကို စိတ်ဓာတ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
"အစည်းအဝေးတခုမှာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကြားရတဲ့အခါ ဆရာတော်ကြီးအချို့က ကျုပ်ရဲ့ ပုခုံးကို လာကိုင်ပြီး 'ကိုယ်တော် တယောက်တည်း မဟုတ်ပါဘူး။ ဩစတြေးလျ အသင်းတော်ဟာ မြန်မာနိုင်ငံနဲ့အတူ ရှိနေပါတယ်' လို့ တိုးတိုးလေး လာပြောကြတယ်" လို့ ဆရာတော်က သူ့ရဲ့ ထိခိုက်ခံစားရမှုကို ပြန်လည် မိန့်ကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ သတ္တိက ဩစတြေးလျ အသင်းတော်ကိုတောင် ခွန်အားတွေ ပြန်ပေးနေတယ်လို့ ဆရာတော်ကြီးတပါးက ပြောခဲ့ကြောင်းလည််း ဆရာတော်က ပြောလိုက်သလို ဆင်းရဲဒုက္ခရောက်နေတဲ့ အသင်းတော်ဟာ အကူအညီတွေကို လက်ခံရုံတင်မဟုတ်ဘဲ မှောင်မိုက်ထဲမှာ မျှော်လင့်ချက်၊ ဇွဲလုံ့လနဲ့ ယုံကြည်ခြင်းကို သက်သေပြနေတာလို့ ဆိုပါတယ်။
အခုနှစ်ဟာ ဩစတြေးလျနိုင်ငံမှာ သာသနာပြုတနင်္ဂနွေ ကျင်းပခြင်း နှစ် ၁၀၀ ပြည့်လည်း ဖြစ်သလို သာသနာပြုလုပ်ငန်းဆိုတာ အဝေးကို သာသနာပြုတွေ စေလွှတ်တာတင်မကဘဲ တဦးနဲ့တဦးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဝေမျှထမ်းဆောင်တာ၊ ဘယ်ဒုက္ခသည်ကိုမှ ဘုရားသခင်က မေ့မထားဘူးဆိုတဲ့ ယုံကြည်ချက်ကို ရှင်သန်စေခြင်းလည်း ဖြစ်တယ်လို့ ဆရာတော်က နိဂုံးချုပ် မိန့်ကြားခဲ့ပါတယ်။










