DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တပ်က ဟော်မုဇ်ရေလက်ကြားကို စတင်ရှင်းလင်းနေ 
DVB
·
April 12, 2026
Photo: Alex Brandon/Pool via REUTERS/File Photo
Photo: Alex Brandon/Pool via REUTERS/File Photo
Donate to DVB

အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို စတင်ရှင်းလင်းနေပြီး အီရန်ရဲ့ မိုင်းထောင်သင်္ဘော အားလုံးကို နှစ်မြှုပ်လိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁၁ မှာ ပြောပါတယ်။

ဒေါ်နယ်ထရမ့်ပ်က “ကျနော်တို့က ဟော်မုဇ်ရေလက်ကြားကို ရှင်းလင်းရေးလုပ်ငန်းစဉ်ကို စတင်နေပြီး အီရန်ရဲ့ မိုင်းခွဲသင်္ဘော ၂၈ စင်းစလုံး ပင်လယ်ကြမ်းပြင်မှာ နစ်မြုပ်နေပြီ”လို့ Truth Social လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့တာပါ။

ထရမ့်ပ်ရဲ့ ပို့စ်မတိုင်မီ မိနစ်အနည်းငယ် အလိုကတည်းက ရေလက်ကြားမှာ အမေရိကန်ရေတပ်သင်္ဘောတွေ ရောက်နေတာနဲ့ ပတ်သက်တဲ့ သတင်းတွေ စထွက်လာခဲ့ပါတယ်။

အမေရိကန်သင်္ဘောတွေ အများကြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ခဲ့တယ်လို့ အမည်မဖော်တဲ့ အမေရိကန်အရာရှိတယောက်ကို ကိုးကားပြီး အက်ဆီယိုစ်သတင်းဌာနရဲ့ သတင်းထောက်တယောက်က စနေနေ့မှာ တင်ခဲ့ပေမဲ့ မကြာခင်မှာပဲ အီရန် စစ်တပ်က အရာရှိရဲ့ ငြင်းဆိုချက်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။

ထရမ့်ပ်က အမေရိကန်တပ်ဖွဲ့တွေက အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ကို ဖျက်ဆီးခဲ့ပြီး ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ်တွေကို ထိခိုက်စေခဲ့တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

အမေရိကန်ရေတပ်ဖျက်သင်္ဘော ၂ စင်းဟာ အရေးပါတဲ့ ရေလမ်းကြောင်းမှာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေစဖို့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တယ်လို့ အမေရိကန်စစ်တပ် ဗဟိုစစ်ဘက် ကွပ်ကဲရေးဌာနက စနေနေ့မှာ ပြောခဲ့ပါတယ်။

ဖျက်သင်္ဘောတွေဟာ ရေလက်ကြားကို ဖြတ်ကျော်ပြီး အာရေဗျပင်လယ်ကွေ့မှာ လှုပ်ရှားခဲ့တယ်လို့ CENTCOM က လူမှုမီဒီယာမှာ ပြောခဲ့တာပါ။

ရေအောက်ဒရုန်းတွေ အပါအဝင် အမေရိကန်တပ်တွေဟာ လာမဲ့ရက်တွေအတွင်း ရှင်းလင်းရေး လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်မယ်လို့ CENTCOM က ပြောပါတယ်။ စနေနေ့မှာ အီရန်ရဲ့ မိုင်းထောင်သင်္ဘောအားလုံးကို ဖျက်ဆီးလိုက်ပြီလို့လည်း ထရမ့်ပ်က ပြောပါတယ်။

ရေအောက်မိုင်း အနည်းဆုံး တဒါဇင်လောက်ကို ရေလမ်းကြောင်းမှာ ချထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်တွေကို အခြေခံ ခွဲခြမ်းစိတ်ဖြာပြီးမတ်လနှောင်းပိုင်းမှာ CBS News သတင်းဌာနကို ပြောပါတယ်။ 

ကိရိယာတွေမှာ အာရုံခံကိရိယာတွေကို သုံးထားပြီး မာဟမ် 3 နဲ့ မာဟမ် 7 လို့ခေါ်တဲ့ “ကပ်မိုင်း”တွေ ပါပါတယ်။

ကိရိယာ ၂ ခုလုံးကို အီရန်မှာ ထုတ်လုပ်တာပါ။ ရေလက်ကြားကတဆင့် သင်္ဘောတွေ ဖြတ်သန်းတာကို ရပ်တန့်ဖို့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကိုလည်း သုံးခဲ့ပါတယ်။

ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ဟော်မုဇ် ရေလက်ကြားကတဆင့် တင်ပို့နေတာပါ။

စစ်ပွဲတလျှောက်လုံးမှာ ထရမ့်ပ်က အီရန်အပေါ် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ပြီး ဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ရေလက်ကြားကို ပြန်မဖွင့်ရင် လူ့အဖွဲ့အစည်းတခုလုံး သေဆုံးလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားကိုဖြတ်ပြီး ရေနံတင်သင်္ဘောတွေနဲ့ တခြားကုန်သွယ်ရေးသင်္ဘောတွေ ဖြတ်သန်း သွားလာမှုဟာ စစ်ပွဲကာလ သီတင်း ၇ ပတ်အတွင်း လုံးဝနီးပါး ရပ်တန့်သွားခဲ့တာပါ။

အမေရိကန်နဲ့ အီရန်တို့ အင်္ဂါနေ့မှာ ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုပြီးတဲ့နောက်ပိုင်း ရေကြောင်းသွားလာမှုတချို့ ပြန်စခဲ့ပေမဲ့ ရေကြောင်းသွားလာမှု အချက်အလက်တွေအရ နည်းပါးနေဆဲပါ။

ရေလက်ကြားကို ကန့်သတ်လိုက်တာကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေ ထိခိုက်ခဲ့ရတာပါ။ အပစ်အခတ်ရပ်စဲရေး ခိုင်မာပြီး ရေကြောင်းသွားလာမှု ပုံမှန်အဆင့် ပြန်ရောက်ရင်တောင် ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုဟာ လပေါင်းများစွာ အနှောင့်အယှက် ဖြစ်နေဦးမယ်လို့ ခွဲခြမ်းစိတ်ဖြာသူတွေက သတိပေးခဲ့ပါတယ်။

စစ်ပွဲအတွင်း ပျက်စီးသွားတဲ့ ရေနံချက်စက်ရုံတွေနဲ့ တခြားစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြုပြင်ဖို့ အချိန်ယူရမှာ ဖြစ်ပြီး ဒေသတွင်း ရေနံတင်သင်္ဘောတွေကို လည်ပတ်တဲ့ သင်္ဘောကုမ္ပဏီတွေဟာလည်း လုပ်ငန်းလည်ပတ်မှု ပြန်စဖို့ အနည်းဆုံး အချိန် ၂ လလိုမယ်လို့ ပထဝီနိုင်ငံရေးအန္တရာယ်ဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Eurasia Group က စွမ်းအင်၊ စက်မှုနဲ့ အရင်းအမြစ်ဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ ဟန်နင်ဂလွိုင်စတိန်းက  ပြောပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013