DVB Logo
Home
မြန်မာသတင်း
မူဆယ်၌ ကိုးကန့်တပ်က အမျိုးသမီးငယ် ၁ ဦးကို ဖမ်းဆီးပြန်လွှတ်ပြီး မိခင်ကိုထပ်ဖမ်း 
DVB
·
March 20, 2026
Photo: The Kokang
Photo: The Kokang
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ MNDAA ကိုးကန့်တပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) မိသားစုဝင် အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီးငယ် တယောက်ကို မတ် ၁၈ ရက်မှာ  အဓမ္မဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမဲ့ မိခင်ကို ထပ်မံ ဖမ်းဆီးလိုက်တယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

MNDAA ကိုးကန့်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ အမျိုးသမီးငယ်က မမြတ်စုကို ဖြစ်ပြီး သူ့ရဲ့ နေအိမ်မှာ မိဘအုပ်ထိန်းသူ မရှိတဲ့အချိန် လက်နက်အပြည့်စုံနဲ့ လူအင်အားသုံးပြီး ဖမ်းဆီးခေါ် ဆောင်သွားတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

“ကျနော်က မူဆယ်ဗျူဟာမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ နောင်ချိုတိုက်ပွဲကနေ ပြန်လာတော့ ကျန်းမာရေးမကောင်းလို့ နားခွင့်တင်ပြီး နားနေတာ။ အလုပ်မရှိတော့ ကားလိုက် မောင်းနေပါတယ်။ ကျနော့်အမျိုးသမီးကတော့ တရုတ်နားကနေ ဆေးလိပ်ကိုယ်စားလှယ်ယူပြီး ပြန်ဖြန့်ပေးတယ်။ အမျိုးသမီးနားကနေ ဆေးလိပ်ပြန်ဝယ်တဲ့သူတွေက အရင်က ပိုက်ဆံပေးတာမှန်တယ်။ အခု ပိုက်ဆံ ပေးတာ မမှန်တော့ ကျနော်အမျိုးသမီးက တရုတ်ကို ငွေပြန်သွင်းဖို့ အခက်အခဲဖြစ်သွားတယ်။ ငွေမသွင်းနိုင်တာတော့ တလလောက်ပဲရှိသေးတယ်။ အဲ့ဒါနဲ့ ကိုးကန့်အဖွဲ့က ကျနော်တို့ အိမ်မှာ မရှိတဲ့အချိန် ကျနော်သမီးကို လာဖမ်းခေါ်သွားတယ်။ ကျနော်တို့ကလည်း တရုတ်ကို ငွေသွင်းဖို့ ကြိုးစားနေတယ်။ ငွေမသွင်းနိုင်သေးခင် ကျနော်တို့ ခြံကို ယူထားပါဆိုတော့လည်း တရုတ်က မယူဘူး။ အခုလို သမီးကို လာဖမ်းသွားတာတော့ တရားဥပဒေနဲ့ မညီဘူး။”

ဖမ်းဆီးခံနေရတဲ့သမီးဖြစ်သူကို မိခင်ဒေါ်စုမြတ်က သွားရောက်တွေ့ဆုံရာမှာ MNDAAက သမီး ဖြစ်သူကို ပြန်လွှတ်ပေးပြီး မိခင်ကိုဖမ်းထားလိုက်ပါတယ်။

ပြန်လွတ်မြောက်လာတဲ့ သမီးဖြစ်သူက “သမီးကို လာဖမ်းတဲ့အချိန်က ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံနဲ့ကျတော့ ၂ ယောက်၊ သူတို့ ဦးထုပ်ဆောင်းထားတာက တယောက်ရယ်၊ သူတို့ အထက်လူကြီးလို့ပြောတာ တယောက်၊ ပြီးတော့ ဆေးလိပ်ရောင်းတဲ့သာကော အားလုံးပေါင်း ၆ ယောက်။ သမီးကို ဆံပင်ကနေ ဆွဲပြီးခေါ်တာ ဖိနပ်မပါဘဲ လိုက်သွားရတယ်။ ဟိုရောက်တော့ သူတို့ ရုံးခန်းထဲမှာပဲ ထည့်ထားတယ်။ လက်ထိပ် မခတ်ဘူး။ ရိုက်တာ မရှိဘူး။ အမေ လာတော့ ည ၈ နာရီထိုးနေပြီ။ အဲဒီအခါကျတော့ ညီမပြန်ချင် ပြန်လို့ရပြီဆိုလို့ ပြန်ခဲ့တာ”လို့ ပြောပါတယ်။

လက်ရှိ MNDAA ကိုးကန့်တပ်က ဖမ်းဆီးထားတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်စုမြတ်ကို မိသားစုဝင် ဖြစ်သူတွေက သွားရောက်တွေ့ဆုံရာမှာ တွေ့ခွင့်မပေးရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စားသောက်စရာနဲ့ အဝတ်အထည်ပို့ပေးလို့လည်း မရဘူးဖြစ်နေတာကြောင့် မိသားစုဝင် တွေက စိုးရိမ်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး MNDAA ကိုးကန့်တပ်ရဲ့ မူဆယ် ၁၀၅ မိုင် တာဝန်ခံကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့နယ်အတွင်းက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်၊ AA အာရက္ခတပ်နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ သိမ်းယူခဲ့တာပါ။

အခု ရက်ပိုင်းအတွင်းမှာပဲ MNDAA ကိုးကန့်တပ်က ၁၀၅ ကုန်သွယ်ရေးဇုန်ဧရိယာအပါအဝင် ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်နဲ့ သိန္နီမြို့နယ်မှာရှိတဲ့ TNLA တအာင်းတပ်တွေကို အင်အားသုံးပြီး ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013