
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ စက်သုံးဆီ ၁ လီတာကို ပြင်ပပေါက်ဈေး ငွေကျပ် ၁၂,၀၀၀ အထိ ဈေး အဆမတန်တက်လာတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။
နေပြည်တော်မှာ မတ် ပထမအပတ်က စက်သုံးဆီ ၁ ဘူးကို ငွေကျပ် ၆,၅၀၀ အထိပဲ ဈေးရှိခဲ့ပြီး တနေ့တခြား ဈေးတက်လာတာကြောင့် မတ် ဒုတိယအပတ်ကနေ ဒီနေ့အထိ စက်သုံးဆီ ၁ ဘူးကို ကျပ် ၁၂,၀၀၀ အထိ ဈေးတက်လာကာ ဆီဝယ်ယူရရှိမှုပါ ခက်ခဲလာတယ်လို့ သိရပါတယ်။
နေပြည်တော်တပ်ကုန်း ဒေသခံတယောက်က “ဆီဈေးက တရိပ်ရိပ်ကို ထိုးတက်လာတာ။ ဈေးတက်လာတဲ့အပြင် ဝယ်လို့ပါမရ ဖြစ်လာတယ်။ တလီတာကို ကျပ် ၁၂,၀၀၀ အထိ ဖြစ်လာတယ်။ ဆီဝယ်မရလို့ ဆိုင်ကယ်နဲ့ ဈေးရောင်းနေတာ။ ဆီမရလို့ ဈေးလှည့်မရောင်းရတာ တပတ်လောက်ရှိနေပြီ” လို့ ပြောပါတယ်။
စက်သုံးဆီ ဝယ်ယူရရှိမှု ခက်ခဲလာတာကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်း၊ ရေယာဉ်လုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ ဆိုင်ကယ်နဲ့ ဈေးလှည့်ရောင်းတဲ့ ဈေးသည်တွေပါ အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။
ပျဉ်းမနားမြို့နယ် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တယောက်က “ပြည်ပကနေ ဆီအဝင်နည်းနေတာနဲ့ လက်ကျန်ဆီ နည်းနေလို့ ဆီမရတာ။ ဆီမရတော့ ဈေးတက်လာတဲ့အပြင် လိုသလောက်မရ ဖြစ်နေတာ။ အစ်ကိုတို့ ဆီသွားတန်းစီတာ မရဘဲ ပြန်လာရတဲ့ရက်တွေ ရှိလာတယ်။ ဆီပြဿနာက နောက်ရက်ဆို အခုထက်အခြေအနေ ပိုဆိုးလာဖို့သာရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက မတ် ၂၈ ရက်က နေပြည်တော်မှာ စက်သုံးဆီ ရောင်းချရမဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဟာ ၉၂ တလီတာကို ၄,၅၀၀ ကျော်၊ ၉၅ တလီတာကို ၅,၀၀၀ ကျော်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ နေပြည်တော် ပြင်ပဈေးကွက်မှာတော့ အဲဒီသတ်မှတ်နှုန်းထက် ၂ ဆကျော်ပိုပေးပြီး ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။










