
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာကို စစ်တပ်က မေ ၂၁ ရက် ညမှာ ဗုံးကြဲပြီး ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ယောက် သေဆုံးကာ နေအိမ် ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ရွာစဥ်ရွာကို ဂျက်ဖိုက်တာ ၁ စီး၊ ရွှေဘို လေ့ကျင့်ရေး ၈ ကနေ အသေခံဒရုန်း ၂ စီးတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေသွားတယ်။ အပြင်းအထန် ဒဏ်ရာ ရသူတွေလည်းရှိတယ်။ နေအိမ်လည်း ၂၀ ကျော် ပျက်စီးမီးလာင်သွားတယ်” လို့ DVB ကို ပြောပါတယ်။
မေ ၂၀ ရက်ကလည်း ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ အ သေခံ ၂ စီးနဲ့ တိုက်ခိုက်တာကြောင့် ရွာစဥ် ရွာ က အဆောက်အအုံနဲ့ ဆိုင်ခန်းတွေ ပျက်စီးခဲ့ပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်တပ်က စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ် တွေကို ခွဲခြားတာမရှိဘဲ လေကြောင်းတိုက်ခိုက်နေတာကြောင့် ဗုံးခိုကျင်းတွေ တူးတာ၊ လေကြောင်း သတင်းပေး icon စက်တွေ ကိုင်ဆောင်တာတွေလုပ်ကြဖို့ အသိပေးထားပါတယ်။










