
ဧရာဝတီတိုင်း၊ ရေကြည်-သာပေါင်းအစပ်၊ ရေကြည်မြို့နယ် ရွာသစ်ကလေးရွာနားက ကြောင်ပန်းကုန်းချောင်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်သားတွေက ကျောင်းဝင်းထဲက နှစ်ရှည်စိုက်ထားတဲ့ ပျဉ်းကတိုးပင်ကြီးတွေကို ခိုးခုတ်ပြီး ရောင်းစား နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးကြောင့် ကျောင်းမှာ ဘုန်းကြီးတွေ မရှိတော့တဲ့အချိန် အခွင့်ကောင်းယူပြီး ကျောင်းဝင်းထဲ က သစ်ပင်တွေတင်မကဘဲ အနီးအနားက ဥယျာဉ်ခြံတွေထဲက သစ်တွေကိုပါ စိတ်ကြိုက် လိုက်ခုတ် နေကြတာလို့ ဆိုပါတယ်။
အဲဒီလို ခိုးခုတ်ထားတဲ့ ပျဉ်းကတိုးသစ်တွေကို ကမ္ဘားကြီးရွာက ဖိုးကျော် ဆိုသူက ကြားခံဝယ်ယူပြီး ငါးသိုင်းချောင်းမြို့ဘက်ကို ခေါက်တုံ့ခေါက်ပြန် သယ်ရောင်းနေတာလို့ မျက်မြင်တွေ့တဲ့ဒေသခံက ပြောပါတယ်။
အောက်တိုဘာလဆန်းပိုင်းကတည်းက သယ်နေတာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နက နောက်ဆုံး တခေါက်ထပ်ပို့ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကတော့ "ဒီပျဉ်းကတိုးပင်တွေက နောင်တချိန် သာသနိက အဆောက်အအုံတွေ ပြင်ရင်သုံးဖို့ ရွာက အနှစ်နှစ်အလလ ထိန်းသိမ်းလာခဲ့တာပါ။ အခုတော့ စစ်တပ်က ကြိုက်သလို ခုတ်ရောင်းနေတယ်။ ရွာသားတွေကလည်း စစ်ဘေးကာလ ကြောက်နေရတော့ ဘာမှ မပြောရဲကြဘူး။ အဲဒါကို သူတို့က အခွင့်ကောင်းယူပြီး ထင်တိုင်းကြဲနေတာ" လို့ ပြောပါတယ်။
ရွာထဲမှာ စစ်တပ် ဗျူဟာမှူးကိုယ်တိုင် စခန်းထိုင်နေတာတောင် အခုလို စနစ်တကျ သစ်ခိုးထုတ်နေတာဟာ အထက်အရာရှိတွေရဲ့ ခွင့်ပြုချက်မပါဘဲ မဖြစ်နိုင်ဘူးလို့လည်း ဒေသခံတွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် စစ်ပွဲတွေကြောင့် ရွာသားတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ ရွာတွေမှာဆိုရင်လည်း ကျန်ခဲ့တဲ့ ကျွဲနွားတိရစ္ဆာန်တွေ၊ အိမ်တွေနဲ့ အိမ်သုံးပစ္စည်းတွေပါ အကောင်းအတိုင်း မကျန်တော့ဘဲ ဖျက်ဆီးလုယက်ခံနေရတယ်လို့ စစ်ဘေးရှောင် မိသားစုတွေဆီက သိရပါတယ်။











