
အယ်လ်ဘေးနီးယားနိုင်ငံအရှေ့ပိုင်း အယ်လ်ဘာဆန်ဒေသ၊ ပယ်ချင်မြို့နားက ဒေသခံ အကျဉ်းထောင်ဒါရိုက်တာ ဘီလားလ်ဟာဆာ ပိုင်ဆိုင်တဲ့ ဂိုဒေါင်တခုထဲမှာ ဆေးခြောက်ပင် ၄,၀၀၀ လောက်ကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းအရ အရာရှိတွေ ဝင်ရောက်သွားတဲ့ ဂိုဒေါင်ထဲမှာ မီးချောင်းတွေ တပ်ဆင်ပြီးတော့ စနစ်တကျ စိုက်ပျိုးထားတဲ့ ဆေးခြောက်ပင်တွေကို တွေ့ရှိရကာ တချို့အပင်တွေဟာ ရဲအရာရှိတွေရဲ့ အရပ်အမြင့်လောက်အထိ မြင့်နေတာပါ။
ဂိုဒေါင်ပိုင်ရှင်ဖြစ်တဲ့ အကျဉ်းထောင်ဒါရိုက်တာ ဘီလားလ်ဟာဆာက နောက်ပိုင်းမှာ ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ပါတယ်။
သူဟာ ဒီကိစ္စနဲ့ မပတ်သက်ပါဘူးလို့ ငြင်းဆိုခဲ့ပြီး အဲ့ဒီနေရာကို မရောက်တာ လနဲ့တောင် ချီနေပြီ လို့ ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
အမှုကို စုံစမ်းနေချိန်အတွင်း အကျဉ်းထောင်များ အထွေထွေညွှန်ကြားရမှုဌာနဟာ ဂိုဒေါင်ပိုင်ရှင် ဘီလားလ်ဟာဆာကို အကျဉ်းထောင်ဒါရိုက်တာ ရာထူးကနေ ယာယီဆိုင်းငံ့လိုက်ပါတယ်။
ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဒီလုပ်ငန်းနဲ့ဆက်စပ်ပတ်သက်နေသူ အများအပြားကို မေးမြန်းစစ်ဆေးနေပါတယ်။
အာဏာပိုင်တွေဟာ ဆေးခြောက်စိုက်ဖို့ လျှပ်စစ်မီးတွေ တပ်ဆင်ပေးခဲ့တဲ့ ဒေသတွင်း လျှပ်စစ်ဌာန က သံသယရှိသူ တယောက်ကိုလည်း ရှာဖွေနေပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဆေးခြောက်ပင်တွေကို သိမ်းဆည်းပြီး အမှုအတွက် သက်သေအဖြစ် နမူနာတွေကို လည်း စုဆောင်းထားတယ်လို့ ပြောပါတယ်။
Source: Reuters










