
အယ်လ်ဘေးနီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးနဲ့ ကမ်းရိုးတန်းဇိမ်ခံအပန်းဖြေစခန်း စီမံကိန်းတွေကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရက်သတ္တပတ် ၄ ပတ်မြောက်အဖြစ် ဆက်တိုက်ဖြစ်ပွားနေပြီး မြို့တော် တီရာနာမှာ ဇွန် ၂၂ ရက်က လူရာပေါင်းများစွာဟာ ပြင်းထန်တဲ့ အပူဒဏ်ကြားကနေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
နေ့ခင်းဘက်မှာ အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင် (၉၀ ဒီဂရီဖာရင်ဟိုက်ကျော်) ရှိခဲ့ပြီး ညနေပိုင်းအထိ အပူရှိန်ပြင်းနေပေမဲ့ ဆန္ဒပြသူတွေဟာ စနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ အစိုးရအဖွဲ့နဲ့အတူ ဝန်ကြီးချုပ် အဲဒီရာမာ ကိုပါ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆို ချီတက်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သောင်းနဲ့ချီတဲ့ လူထုအင်အားလောက် မများတော့ပေမဲ့ ညစဉ် ဆန္ဒပြပွဲ ကို ဆက်လက်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ သမက်ဖြစ်သူ ဂျရက်ဒ် ကွတ်ရှ်နာနဲ့ ပတ်သက်နေတဲ့ ကမ်းရိုးတန်းဇိမ်ခံအပန်းဖြေစခန်း စီမံကိန်းကို မကျေနပ်ရာကနေ ဇွန်လဆန်းပိုင်းကတည်းက စတင်ခဲ့တာပါ။
ဒါပေမဲ့ အခု ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အစိုးရရဲ့ အကျင့်ပျက်စနစ်တခုလုံးကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုအဖြစ် ကျယ်ပြန့်လာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ပြင်းထန်နေတဲ့အတွက် ဇွန် ၂၁ ရက်က နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ တခြား ဇိမ်ခံစီမံကိန်းတခုရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဆန္ဒပြသူတွေက မှန်တွေရိုက်ခွဲ၊ ကွန်တိန်နာတွေကို မှောက်လှန်ပြီး ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီဖျက်ဆီးခံရတဲ့နေရာဟာ ကွတ်ရှ်နာရဲ့ စီမံကိန်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ အလားတူ ဇိမ်ခံစီမံကိန်းတွေအပေါ် လူထုရဲ့ မကျေနပ်မှုတွေ ပေါက်ကွဲနေတာကြောင့် ဒေသအလိုက် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Source: Reuters










