DVB Logo
Home
Lead Story
စစ်နဲ့ ဆယ်ကျော်သက် သမီးပျို
DVB
·
August 25, 2026
စစ်နဲ့ ဆယ်ကျော်သက် သမီးပျို
Donate to DVB

“ကျမကို ကူညီပေးနေတဲ့ သူတယောက်က ထိုင်းကိုခေါ်တယ်၊ ကျောင်းထားပေးမယ်၊ အလုပ်လုပ်ချင်ရင်လည်း ချိတ်ဆက်ပေးမယ်၊ ကုန်ကျစရိတ်ကို နောက်မှ ဖဲ့ဆပ်ဆိုတော့ ယုံမိတာပေါ့။ အဲဒီလိုနဲ့ ထိုင်းရောက်လာတယ်၊ မကြာဘူး၊ အတူနေဖို့ ဖြစ်လာတယ်၊ ငြင်းလို့လည်း မရဘူး။ အဲဒီအချိန်က ဝမ်းအနည်းဆုံးပဲ၊ အခုထိလည်း စိတ်ဒဏ်ရာ ဖြစ်နေတုန်းပဲ။”

ဒါကတော့ လက်ရှိ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသမီးတယောက်က ကွဲအက်နေတဲ့ အသံနဲ့ ရင်ဖွင့်ပြခဲ့တဲ့ ခါးသီးတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ 

စစ်ဘေးဒဏ်ကြောင့် အနာဂတ်မဲ့ သွားကြရတဲ့အခါ ပြန်လည်ခုခံတိုက်ခိုက်ဖို့ အင်အားမမျှတာမို့ ဘေးအကင်းနိုင်ဆုံးဖြစ်မဲ့ နည်းလမ်းကိုပဲ ရွေးချယ်ရင်း စိတ်ဒဏ်ရာတွေကို ပွေ့ပိုက်လို့ ဘဝကို ဆက်ဖြတ်သန်းနေရတဲ့ အမျိုးသမီးငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် များနေလဲ မသိနိုင်တဲ့အခြေအနေတခုပါ။

အသက်ရှင်ရပ်တည်နိုင်ဖို့နဲ့ မိသားစု ဝမ်းရေးအတွက် ရုန်းကန်ရင်း မတတ်သာဘဲ တရားမဝင် လမ်းကြောင်းတွေဆီ တွန်းပို့ခံရတာ၊ လိမ်လည်လှည့်ဖြားခံရပြီး မကောင်းမှုတွေရဲ့ သားကောင်ဖြစ်နေရတာတွေဟာ စစ်ရှောင် အမျိုးသမီးငယ်တွေအတွက် ကြီးမားတဲ့ အန္တရာယ်တခု ဖြစ်နေပါတယ်။

စစ်ရှောင်စခန်းတွေမှာ အပျိုဖော်ဝင်စ လှချင်ပချင်တဲ့ အရွယ် မိန်းကလေးတွေအတွက် အခြေခံ နေထိုင်စားသောက်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရဖို့တင် တနှစ်ထက်တနှစ် ပိုမိုခက်ခဲလာနေတာပါ။

လူဦးရေ များပြားတာကြောင့် ခိုင်ခိုင်မာမာ အိမ်ဆောက်ဖို့ မလွယ်ကူဘဲ မိုးကာတဲလေးတွေနဲ့ပဲ ကွန်းခိုနေကြရတာမို့ ဆယ်ကျော်သက် မိန်းကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အကြီးအကျယ် ထိခိုက်နေရပါတယ်။

စစ်ရှောင် မိန်းကလေးတယောက်က“စစ်ရှောင်ဆိုတော့ တဲနဲ့ပဲ နေရတာ၊ သော့တွေလည်း ခတ်လို့မရတော့ မကောင်းတဲ့ အမူးသမားတွေ တက်လာမလားဆိုပြီး စိုးရိမ်စိတ်နဲ့ပဲ ညစဉ် အိပ်နေရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတိုင်း လစဉ် မဖြစ်မနေ သုံးရတဲ့ ရာသီသွေးထိန်း ပစ္စည်းတွေဟာလည်း လက်လှမ်းမမီနိုင်အောင် ဈေးနှုန်းမြင့်တက်နေတာပါ။

“Pad တခုကို ၆ နာရီထက် ပိုသုံးရတယ်၊ ဝယ်ဖို့အဆင်မပြေရင်တော့ ပိတ်စခံသုံးပြီး ပြန်လျှော်ရတာပေါ့။”

အရင်က တထုပ်ကို ကျပ် ၅၀၀ ပဲရှိခဲ့တဲ့ ‘Blue’ တံဆိပ် ရာသီသွေးထိန်း ပစ္စည်းဟာ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်လာချိန်မှာ ကျပ် ၂,၅၀၀ မှ ၃,၀၀၀ အထိ ဈေးတက်သွားခဲ့သလို ကျန်တဲ့ တံဆိပ်တွေဆိုရင်လည်း ဈေးက ပိုတက်သွားခဲ့တာပါ။ ဓမ္မတာကိစ္စဆိုတာ အမျိုးသမီးတယောက်အတွက် သဘာဝတရားရဲ့ အစိတ်အပိုင်းတခု ဖြစ်ပေမဲ့ ဒီနေ့ စစ်ဘေးရှောင်စခန်းတွေထဲက ဆယ်ကျော်သက် မိန်းကလေးတွေအတွက်တော့ လစဉ် ပူပန်စရာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လို့နေပါတယ်။

စားဝတ်နေရေးအခက်အခဲတွေကြောင့် မမှန်ကန်တဲ့လုပ်ငန်းနဲ့ လုပ်အားခနဲ့မကိုက်ညီတဲ့ လုပ်ခတွေကိုလည်း ကြုံရင်ကြုံသလိုလုပ်ကိုင်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ တာဝန်ရှိသူတဦးကလည်း စစ်ရှောင်စခန်းထဲက လက်ရှိဖြစ်ရပ်တွေကို ခုလို ထပ်လောင်း ပြောပြထားပါတယ်။

“တချို့အမျိုးသမီးတွေက မတတ်သာလို့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ အလုပ်တွေအထိ ရောက်သွားကြတယ်၊ တချို့ကျတော့လည်း ဆန်လေး တဘူး နှစ်ဘူး ရဖို့အရေး ဘယ်လောက် ပင်ပန်းပင်ပန်း သွားလုပ်ရတာတွေရှိတယ်။ မိသားစုမှာ သမီးအကြီးတွေဆို ကျောင်းတက်ချင်တာတောင် ကျောင်းထွက်ပြီး ရရာအလုပ် ဝင်လုပ်ပေးရတယ်။ တချို့ဆိုရင် အသက်မပြည့်သေးဘဲ ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်ပြီး အလုပ်သွားလုပ်ကြရတယ်။”

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် စစ်ဘေးရှောင် ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ပညာရေးနဲ့ ကျန်းမာရေး အဘက်ဘက်ကနေ ချောက်ထဲ ထိုးကျနေရတာပါ။ အထူးသဖြင့် ဆယ်ကျော်သက် မိန်းမပျိုလေးတွေမှာ ပညာသင်ယူခွင့် ဆုံးရှုံးတာ၊ မိသားစုအတွက် ပခုံးထမ်းရင်း တရားမဝင် ပြည်ပထွက် အလုပ်လုပ်ရတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာတွေအပြင် စိတ်ထွက်ပေါက် ပျောက်ဆုံးတာတွေကို အလူးအလဲ ခံနေကြရပါတယ်။ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ အသုံးအဆောင် လက်လှမ်းမမီတာ၊ ဆေးဝါး မလုံလောက်တာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပျောက်ဆုံးနေတာတွေဟာ ဆယ်ကျော်သက် သမီးပျိုလေးတွေရဲ့ အနာဂတ်ကို မှောင်မိုက်သွားအောင် အရှိန်အဟုန်နဲ့ တွန်းပို့နေဆဲ ဖြစ်ပါတယ်။

နှင်းပန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013