
အနောက်ဘက်ကမ်းရိုးတန်းတလျှောက် မဟာဗျူဟာကျတဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားဆီ ဟူသီအဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်ခဲ့လို့ တလကြာတဲ့ တိုက်ပွဲတွေအတွင်း စစ်သား ၅၀၀ ကျော် ကျဆုံးပြီး ၁,၅၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယီမင်အစိုးရတပ်တွေက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
အယ်လ်-ဂျူမ်ဟူရီယာ ရုပ်သံလိုင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အစိုးရရဲ့ အမျိုးသားခုခံရေးတပ်ဖွဲ့တွေ သြဂုတ် ၉ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အတွင်း ထိခိုက်ကျဆုံးခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ဟူသီအဖွဲ့ဝင် ၁,၀၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေကို သီးခြားလွတ်လပ်တဲ့ အရင်းအမြစ်တွေက အတည်မပြုနိုင်သေးပါဘူး။
ဟူသီအဖွဲ့က ဒုံးကျည်၊ ဒရုန်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တပ်ဆင်ထားတဲ့ လှေတွေနဲ့ တိုက်ခိုက်ရာက တိုက်ပွဲတွေ စခဲ့တာပါ။
ပင်လယ်နီ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ဟိုဒေးဒါ ပြည်နယ်တောင်ပိုင်း ဟေးစ်မြို့ကတဆင့် အိမ်နီးချင်း အနောက်တောင်ဘက် ထိုက်ဇ်ပြည်နယ်က တိုက်ပွဲမျက်နှာစာ အတော်များများဆီ ကူးစက်ပျံ့နှံ့သွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဟူသီအဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာလည်း မိုချာကမ်းရိုးတန်းနဲ့ ပင်လယ်နီထဲက ဟာနစ်ရှ် ကျွန်းစုတွေကို သိမ်းပိုက်ခဲ့တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၃ ရက်မှာစတဲ့ ဟူသီတို့ရဲ့ ကျယ်ပြန့်တဲ့ ထိုးစစ်အတွင်း ယီမင်နိုင်ငံ ပင်လယ်နီကမ်းရိုးတန်းတလျှောက် တိုက်ပွဲမျက်နှာစာတွေ အမြန်ပြောင်းသွားခဲ့ပြီး ဟူသီအဖွဲ့က ဟိုဒေးဒါပြည်နယ်နဲ့ အိမ်နီးချင်း ထိုက်ဇ်ပြည်နယ်တို့က အစိုးရထိန်းချုပ်နယ်မြေတချို့ကို သိမ်းပိုက်နိုင်ခဲ့ရာကနေ ထိခိုက်ကျဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဟူသီအဖွဲ့က စာနာမြို့တော်နဲ့ ယီမင်မြောက်ပိုင်းဒေသအများစုကို သိမ်းပိုက်လိုက်ချိန် ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ ယီမင်ပဋိပက္ခ စတင်ခဲ့တာပါ။
အဲဒီနောက် ၂၀၁၅ ခုနှစ် မတ်လမှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရကို ထောက်ခံတဲ့အနေနဲ့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ယီမင်ပြည်တွင်းစစ်ကို ဝင်ရောက်စွက်ဖက်ခဲ့ကြပါတယ်။
Source: Reuters











