
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဓားကျကျေးရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁ ရက် ဒီမနက် ၁၁ နာရီဝန်းကျင်မှာ မီးရှို့နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဩဂုတ် ၂၉ ရက်ကစပြီး ခင်မွန်ရွာဘက်ကို စစ်ကြောသင်းထိုးလာတဲ့ အင်အား ၁၂၀ ဝန်းကျင်ပါ စစ်အာဏာရှင်တပ်ဟာ ဒီနေ့မှာ ရွှေဓားကျရွာကို ဝင်ရောက်မီးရှို့နေတာကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွှေဓားကျထိ စစ်ကြောင်း ရောက်နေပြီ။ လက်ရှိတော့ ရွာကို မီးရှို့နေတယ်။ ကျီကုန်းရွာလည်း စစ်ရှောင်နေရတယ်။ ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ ပတ်ခတ်လို့ ဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရထားတယ်။ ဒရုန်းတွေနဲ့လည်း လိုက်ချနေတယ်” လို့ DVB ကိုပြောပါတယ်။
ကနီနဲ့ ယင်းမာပင်မြို့နယ်တွေကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ အင်အားစုဖွဲ့ပြီး ချောင်းဦးနယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ တွေ့တဲ့ အရပ်သား ၅၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ခင်မွန်ရွာကနေ ဩဂုတ် ၂၉ ရက်နေ့က ကျီကုန်းအရှေ့ရွာကို စစ် ကြောင်းထိုးလာချိန် ခင်မွန်နဲ့ ကျီးကုန်းအရှေ့ ရွာကြားမှာနေထိုင်တဲ့ အရပ်သားတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဩဂုတ် ၃၀ ရက်နေ့မှာတော့ အဲဒီစစ်ကြောင်းဟာ ကျီကုန်းအနောက်ရွာနဲ့ အနီးတ၀ိုက်က ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်ထဲက ကျီကုန်း(အရှေ့ရွာ)၊ မယ်သဲကြိုး၊ ဒိုင်းကွေ့၊ ကြက်သွန်စျေး၊ ချောင်းမနား၊ ထန်းတောကြီး၊ အင်းမအပြင် မုံရွာမြို့နယ်ထဲက ကျီ ကုန်းအနောက်ရွာ(ကျီကုန်းရွာသစ်)၊ သစ်ဆိမ့်၊ ချောင်းဆုံက ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။
ပြီးခဲ့တဲ့ ဇွန်လကလည်း ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးပြီး ဆင်မြေ၊ ငါးလုံးတင်နဲ့ မထိသာရွာတွေက နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။











