DVB Logo
Home
Lead Story
မြန်မာ့အရေး ဘန်ကောက် အစည်းအဝေး အပေါ် ဝေဖန်ချက် အာဆီယံ အထူးသံတမန် တုံ့ပြန်
DVB
·
July 20, 2026
 Photo: ASEAN
 Photo: ASEAN
Donate to DVB

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ ချဉ်းကပ်ဆောင်ရွက်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ပြစ်တင်ဝေဖန်မှုတွေဟာ ထိခိုက်နစ်နာ စေတဲ့ အထင်အမြင်လွဲမှားစေတဲ့ ဝေဖန်ချက်တွေဖြစ်လို့ စိတ်မကောင်း ဖြစ်မိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက  တုံ့ပြန်လိုက်ပါတယ်။

ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ ကျင်းပခဲတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ရဲ့ အလွတ်သဘောအစည်းအဝေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က ဇူလိုင် ၁၈ ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထုတ်ပြန်ခဲ့တဲ့အပေါ် တုံ့ပြန်လိုက်တာပါ။  

SAC-M ရဲ့ထုတ်ပြန်ချက်မှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် သူ့ရဲ့အခန်းကဏ္ဍမှာ စိုးရိမ်ကြောက်ရွံ့မှုနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တို့ကို ဆိုးဆိုးရွားရွား ပေါင်းစပ်လုပ်ဆောင်ခဲ့တာကြောင့် ဖိလစ်ပိုင်ရဲ့  အာဆီယံဥက္ကဋ္ဌ သက်တမ်းမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီလို့  ဝေဖန်ထားတာ ဖြစ်ပါတယ်။

အခုလို ဝေဖန်ချက်ပေါ်  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက “ဒီအစည်းအဝေးဟာ  ဆီဘူးမြို့မှာ ကျင်းပခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဘုံသဘောတူညီချက် ၅ ချက် (5PC) နဲ့အညီ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်ပြီး မူဝါဒအခြေခံတဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အာဆီယံခေါင်းဆောင်တွေက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ ကျင်းပခဲ့တာ” လို့ တုံ့ပြန်ပြောပါတယ်။

ဒီအစည်းအဝေးတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေကို ဖော်ဆောင်ဖို့ အထူးသံတမန်ကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တာဝန်ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်လွှတ်လိုက်တာမဟုတ်သလို၊ ဒီလိုလည်း အဓိပ္ပာယ်လွဲမှားစွာ ပုံဖျက်မပြသင့်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆီသို့ သွားရာလမ်းကို ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပြတ်သားခိုင်မာတဲ့ သံတမန်ရေးရာ နည်းလမ်းတွေနဲ့သာ  ဖော်ဆောင်နိုင်မယ်လို့ အထူးသံတမန် လာဇာရိုက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ချက်သည်သာ အာဆီယံရဲ့ အဓိက အကိုးအကားဖြစ်ကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုံသဘောတူညီချက် ၅ ချက်မှာပါတဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အပြုသဘောဆောင် ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် စီစဉ်ပေးရေး၊ ဆွေးနွေးပွဲဖြစ်စဉ်မှာ ကြားဝင်စေ့စပ်ပေးရေးနဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ပေးအပ်ရေးတို့ကို အကောင်အထည်ဖော်နိုင်ဖို့  သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့  ကတိပြုထားဆဲ ဖြစ်တယ်လို့ အာဆီယံအထူးသံတမန်ရုံးက ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ကတော့ အထူးသံတမန်လာဇာရိုဟာ စစ်အာဏာရှင် ခေါင်းဆောင်နဲ့ စစ်ရာဇဝတ်ကောင်အဖြစ် စွပ်စွဲခံထားရတဲ့ မင်းအောင်လှိုင်ထံကနေ တစုံတရာ လိုက်လျောမှုမရှိဘဲ  ဒီအစည်းအဝေးကို ကျင်းပဖို့ သဘောတူခဲ့တာဖြစ်တယ်၊ အစည်းအဝေးလုပ်နေတဲ့ အချိန်တိုအတွင်းမှာတောင် စစ်အာဏာရှင်ကို အရပ်သားပြည်သူတွေပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေကို ခဏရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ခြင်း မရှိဘူးလို့ ထောက်ပြထားပါတယ်။

ဘန်ကောက်အစည်းအဝေးဟာ စစ်အာဏာရှင်ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ အဆင့်မြင့်တွေ့ဆုံမှုတွေအပေါ်  အာဆီယံရဲ့  ပိတ်ပင်ကန့်သတ်ချက်ကို အဆုံးသတ်စေခဲ့တာ ဖြစ်တယ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ မနီလာမြို့မှာ ကျင်းပမဲ့ အစည်းအဝေးကို အသုံးပြုပြီး မိမိတို့ကိုယ်တိုင် ဖန်တီးထားသော ထိခိုက်ပျက်စီးမှုတွေကို တားဆီးဖို့နဲ့ အာဆီယံရဲ့ ကွဲအက်နေတဲ့ ဂုဏ်သတင်းကို ပြန်လည်ဆယ်တင်ဖို့လည်း (SAC-M)က တိုက်တွန်းပါတယ်။ 

အာဆီယံအနေနဲ့ စစ်အာဏာရှင့်ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံမှုအပေါ် လုံးဝပိတ်ပင်ကန့်သတ်ချက်ကို ချက်ချင်းပြန်လည်ကျင့်သုံးဖို့၊ အကြမ်းဖက်မှုအားလုံး ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ လိုအပ်နေသူအားလုံးထံ လူသားချင်းစာနာအကူအညီများကို အဟန့်အတားမရှိ ပေးအပ်နိုင်ရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝနှင့် ချက်ချင်း အကောင်အထည်ဖော်ရေး တောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။

SAC-M အကြံပေးကောင်စီမှာတော့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ် ပီရွန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကျွမ်းကျင်သူဟောင်းတွေဖြစ်တဲ့ မာဇူကီ ဒါရုစမန် ၊ ရန်ဟီးလီနဲ့ ခရစ် ဆီဒိုတီ   ၃ ယောက် ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013