
ရခိုင်နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေသေးတာကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်စည်းမျဉ်ကို လုံခြုံရေးတင်းကျပ်နိုင်ဖို့ အနီရောင်မျဉ်းသတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေး အကြံပေးဖြစ်သူက ပြောကြားလိုက်တယ်လို့ ဒေသတွင်းသတင်းစာတွေက ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ဒေသလုံခြုံမှုရှိစေဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ဟန့်တားနိုင်စွမ်းရှိစေဖို့အတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ အနီရောင်မျဉ်းတရပ်ကို သတ်မှတ်တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဌာနခွဲရဲ့ အကြံပေးဖြစ်သူ အငြိမ်းစားဗိုလ်မှူးချုပ် အေကေမ် ရှမ်ဆူလ် အစ္စလာမ်က ဩဂုတ် ၂၄ ရက်နေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေဆဲ ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ လေကြောင်းပိုင်နက် ချိုးဖောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် လက်နက်ကြီး ပစ်ခတ်မှုတွေ ထပ်တလဲလဲ ဖြစ်ပွားလာတာကို တုံ့ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အရှေ့ဘက်နယ်စပ်တလျှောက် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့ရဲ့ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ရှိနေသေးတာကြောင့် နယ်စပ်တလျှောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေ ပိုမြင့်တက်လာနေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၉ နှစ်တာ ခိုလှုံခွင့်ပေးထားတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ရက်ရောမှုကို ပြသတာဖြစ်ပေမဲ့ အမြဲတမ်းတာဝန်ယူထားဖို့က ဘင်္ဂလားဒေ့ရှ်အတွက် ကျင့်ဝတ်အရ ဖြစ်စေ၊ မဟာဗျူဟာအရဖြစ်စေ လက်တွေ့မဖြစ်နိုင်ဘူးလို့ အငြိမ်းစားဗိုလ်မှူးချုပ် အေကေမ် ရှမ်ဆူလ် အစ္စလာမ်က ဆက်ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက်လည်း ကုလသမဂ္ဂ၊ အာဆီယံ၊ OIC၊ တရုတ်၊ အိန္ဒိယနဲ့ တခြားအဓိကမိတ်ဖက်နိုင်ငံတွေနဲ့ပါ လက်တွဲပြီး နိုင်ငံတကာအသိုင်းအဝန်းက ဆောင်ရွက်ပေးလာစေဖို့ ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ဟောင်း မိုဟမ်မက် စူဖီယူရ် ရာဟ်မန် ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အာရက္ခတပ်တော်(AA)ရဲ့ စွမ်းရည်နဲ့ မြန်မာစစ်တပ်ရဲ့ စွမ်းရည်တွေကို သိထားဖို့ လိုအပ်သလို ကိုယ့်ရဲ့ အားနည်းချက်တွေကိုလည်း နားလည်ထားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို သိထားဖို့ လိုအပ်သလို အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်ရဲ့ စွမ်းရည်တွေကိုလည်း သိထားဖို့ လိုပါတယ်။ ကျနော်တို့မှာလည်း အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို နားလည်ထားရပါမယ်။ ကျနော်တို့ရဲ့ အခြေခံအဆောက်အအုံတွေ အားလုံးဟာ မြန်မာနိုင်ငံရဲ့ လက်လှမ်းမီတဲ့ အကွာအဝေးအတွင်းမှာပဲ ရှိနေတာပါ” လို့ပြောပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်တဲ့ ARSA ၊ RSO နဲ့ ARA အဖွဲ့တို့ဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခြေကုပ်ယူပြီး အာရက္ခတပ်တော်ရဲ့ နယ်စပ်စခန်းတွေ၊ ကုန်သည်တွေနဲ့ အရပ်သားတွေကို ချုံခိုတိုက်ခိုက်လေ့ရှိတာကြောင့် မကြာခဏဆိုသလို နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်တလုံးရဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထိန်းချုပ်ထားသလို ဘင်္ဂလားဒေ့ရှ်နယ်စပ်တခုလုံးကိုလည်း ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစု ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတခုလုံးကို ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်အာဏာရှင်တပ်ကလည်း မကြာခဏဆိုသလို နယ်စပ်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။
Ref: The Daily Star











