
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာကျင်းပတဲ့ UFC 328 Flyweight ချန်ပီယံအတန်းရဲ့ co-main event ပွဲစဉ်မှာ ချင်းတိုင်းရင်းသား ဂျော်ရှုဝါဗန်က ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အနိုင်ရရှိခဲ့လို့ လက်ရှိချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မေ ၁၀ ရက် မနက်မှာ ကျင်းပတဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွင်း နောက်ဆုံးအချီဖြစ်တဲ့ ၅ ချီမှာတော့ တိုင်ရာက ဗန်ရဲ့တွဲလုံးတွေကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘဲ အထိနာခဲ့လို့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်ဟာ အလက်ဇန္ဒား ပန်ဒိုဂျာကို ၂၀၂၅ ဒီဇင်ဘာတုန်းက ယှဉ်ပြိုင်ရာမှာ ၁၆ စက္ကန့်အတွင်း ပန်ဒိုဂျာရဲ့ လက်ဒဏ်ရာကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။
ဝေဖန်မှုတွေရှိခဲ့တဲ့ ချန်ပီယံဆုကို ဒီတကြိမ်မှာတော့ ချန်ပီယံဆုကို ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီး မြန်မာအလံကိုဝှေ့ယမ်း အောင်ပွဲခံခဲ့ပါတယ်။
UFC သမိုင်းမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံ ဖြစ်ခဲ့သူ ဗန်နဲ့ ဂျပန်ဖိုက်တာ တိုင်ရာတို့ဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ မွေးဖွားခဲ့ကြသူတွေ ဖြစ်ပါတယ်။











