
နေပြည်တော်-မကွေးလမ်းပေါ် မကွေးတိုင်း၊ မြို့သစ်မြို့နယ်က ရွှေပန်းစစ်တပ်ဂိတ်ကို ဇူလိုင် ၂၅ ရက် မနက် ၃ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၉ ယောက် သေဆုံးပြီး ငွေကျပ် ၃၅ သိန်းအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
၈၀၃ တပ်ရင်း ရဲဘော်တယောက်က “ပြည်သူတွေအပေါ်ကို အနိုင်ကျင့်ဗိုလ်ကျ၊ ခရီးသွား ကားသမားတွေဆီက ငွေကြေးအဆမတန်တောင်းနေတဲ့ နာမည်ကြီး ရွှေပန်းဂိတ်ကို ဝင်ရောက်ပစ်ခတ်စီးနင်းနိုင်ခဲ့တာပါ။ အဲဒီဂိတ်မှာက စခ တွေအပြင် ရခ တွေ အင်အား ၃၀ လောက် ထိုင်တယ်။ ကျနော်တို့ဝင်တိုက်တဲ့အချိန်က မနက်အစောကြီးဖြစ်ပြီး ခရီးသွား Express တွေ ဝင်တဲ့အချိန်လည်းဖြစ်တော့ လမ်းပေါ်မှာ ကားတစီးချင်း ပိုက်ဆံလိုက်တောင်းနေတဲ့အချိန် ကားတွေလည်းရှင်းသွားရော ကျနော်တို့ဘက်က ဝင်ပစ်လိုက်တာ။ လမ်းပေါ်မှာ အတုံးအရုံးပဲ။ ဒဏ်ရာနဲ့ ခြေဦးတည့်ရာ ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ အဲဒီအချိန် လက်နက်တွေသိမ်းပြီး ပြန်ဆုတ်လာကြတာ။ စစ်တပ်အောက်ကကောင်တွေက လက်နက်မရှိတဲ့ ပြည်သူတွေအပေါ် အမျိုးမျိုးဗိုလ်ကျနေပေမဲ့ လက်နက်ချင်းယှဥ်ပစ်ကြတော့လည်း သေမှာ တော်တော်ကြောက်ကြတယ်” လို့ DVB ကို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၇ ကွပ်ကဲမှုအောက်မှာ ရှိကြတဲ့ ၈၀၃ တပ်ရင်းနဲ့ ၉၀၃ တပ်ရင်းကရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်လောက် ကြာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကနေ MA1 သေနတ် ၃ လက်၊ MA2 သေနတ် (စက်ကလေး) ၁ လက်၊ G3 သေနတ် ၁ လက်၊ ၄၀ မမ စိန်ပြောင်း ၁ ပြောင်း၊ ကျည်ဘောက်မျိုးစုံ ၁၀ ခု၊ မိုင်း ၆ လုံး၊ ၄၀ မမ အသီး ၉ လုံး၊ လက်ပစ်ဗုံး ၉ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ကျည်မျိုးစုံ ၂၀၀ ဝန်းကျင်နဲ့အတူ ဖုန်း ၂ လုံးနဲ့ ငွေသား ၃၅ သိန်းဝန်းကျင်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
၈၀၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ရွှေပန်းဂိတ်ဆိုတာက ဗိုလ်မှူးအဆင့်ထိုင်ပြီး ကွပ်ကဲတဲ့စခန်းဖြစ်ပြီးတော့ မကွေးတိုင်းနဲ့ နေပြည်တော်အစပ်မှာ ရှိတယ်။ နေပြည်တော်ရဲ့ အပြင်စည်းဂိတ်စခန်းတခုလည်းဖြစ်တဲ့အပြင် လက်နက်ကြီးလည်းအထိုင်ချထားတယ်။ တိုက်ခိုက်မှု ၄၅ မိနစ်လောက်အတွင်း သူတို့ဘက်က စစ်ကူတွေမလာခင် ပြန်ဆုတ်ခဲ့ရတာကြောင့်ရယ် သယ်ယူဖို့ ခက်ခဲတာကြောင့်ရယ် အဲဒီစခန်းက ဟောင်ဝစ်ဇာအမြောက်ကြီးကိုတော့ သယ်မလာနိုင်ခဲ့ဘူး။ သူတို့စခန်းအဆောက်အအုံတွေ အပါအဝင် ဟောင်ဝစ်ဇာ အမြောက်ကြီးကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်။ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ လက်နက်ခဲယမ်းတွေသိမ်းပြီး အောင်အောင်မြင်မြင်ပဲ ပြန်ဆုတ်လာနိုင်ခဲ့ကြတာပါ။ နောက်မှ သိရတာတော့ သေတဲ့ ၉ ယောက်ထဲမှာ ဗိုလ်မှူးအဆင့် ၁ ယောက်နဲ့ ရဲတပ်ကြပ်ကြီး ၁ ယောက် ပါတယ်။ သူတို့နာမည်တွေကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ရွှေပန်းစစ်တပ်အထိုင်ဂိတ်စခန်းကို တိုက်ခိုက်ပြီးနောက် မကွေး-နေပြည်တော် လမ်းပေါ်က မြို့သစ်မြို့အဝင်ဂိတ် အပါအဝင် မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ပေါ်မှာ စစ်တပ်ဘက်က လုံခြုံရေးအင်အားအများအပြား တိုးမြှင့်ချထားခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။











