
တောင်ကိုရီးယားနိုင်ငံက ရှင်းဆဲဂယ်လုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌ ချောင်းယုံးဂျင်ဟာ စတားဘတ်စ် ကိုရီးယားရဲ့ အဆင်အခြင်မဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မေ ၂၆ ရက်မှာ လူသိရှင်ကြား တောင်းပန်လိုက်ပါတယ်။
ကိုရီးယားက စတားဘတ်ခ်ကော်ဖီဆိုင်လုပ်ငန်းကို ကိုင်တွယ်နေတဲ့ ဒီလုပ်ငန်းစုကြီးဟာ မေ ၁၈ ရက်၊ ဂွမ်ဂျူးအရေးတော်ပုံ အထိမ်းအမှတ်နေ့မှာ Tumbler ဓာတ်ဘူးတွေနဲ့ ‘Tank Day’ ဆိုတဲ့ ကမ်ပိန်းတခုလုပ်ခဲ့လို့ လူထုက ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလုပ်ရပ်ကြောင့် ၁၉၈၀ ပြည့်နှစ်က စစ်အာဏာရှင် သမ္မတချွန်ဒူးဝမ်က ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ စစ်တပ်နဲ့ တင့်ကားတွေ စေလွှတ်ခဲ့ပြီး ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့လို့ လူပေါင်းရာနဲ့ချီ သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကို ပြန်အမှတ်ရစေခဲ့လို့ ပြည်သူလူထုရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုလည်း ခံခဲ့ရပြီး လက်ရှိ နိုင်ငံတော်သမ္မတ အီဂျယ်မြောင်ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝင်ရောက် ရှုတ်ချထားတာပါ။
စတားဘတ်စ် ကိုရီးယားရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ရှင်းဆဲဂယ်လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ချောင်းယုံးဂျင် က “စတားဘတ်စ် ကိုရီးယားရဲ့ မသင့်တော်တဲ့ ဈေးကွက်မြှင့်တင်မှုကြောင့် လူအများအပြား စိတ်ထိခိုက် ဒေါသထွက်ခဲ့ရတာကို ကျနော်အလေးအနက် ခံယူပါတယ်။ ဘာဆင်ခြေမှ မပေးပါဘူး၊ ဒီဖြစ်ရပ်အတွက် တာဝန်အားလုံးကို ယူမှာဖြစ်ပြီး ဒါဟာ ကျနော့်အပြစ်ပါ။ ကျနော်အပါအဝင် ရှင်းဆဲဂယ် အဖွဲ့သားအားလုံး လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းနဲ့ ပေးဆပ်မှုတွေကို သတိရသွားမှာ ဖြစ်သလို၊ ပြည်သူတွေရဲ့ ခံစားချက်ကိုလည်း အမြဲတမ်း နက်နက်နဲနဲ နားလည်စာနာပြီး လေးစားသွားပါမယ်” လို့ ပြောခဲ့ပါတယ်။
ဒီလို ပြောကြားအပြီးမှာ ရှင်းဆဲဂယ်ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာလည်း ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းဆဲဂယ် အုပ်ချုပ်ရေးပိုင်း တာဝန်ခံ ဒု-ဥက္ကဋ္ဌ ဂျောင်ဆန်းဂျင် ကလည်း “ဈေးကွက်မြှင့်တက်ရာမှာ ချက်ချင်းလုပ်ဆောင်မှုကိုပဲ ဦးစားပေးလိုက်လို့ အရင်ကရှိခဲ့တဲ့ ဥပဒေရေးရာအဖွဲ့ရဲ့ စိစစ်ရေးလုပ်ငန်းစဉ်ကို ကျော်သွားခဲ့ကြပါတယ်။ ဒါဟာ လုပ်ငန်းခွင် ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုတင်မကဘဲ စတားဘတ်စ် ကိုရီးယားတခုလုံးမှာ လူမှုရေးနဲ့ သမိုင်းဆိုင်ရာ အလေးထားမှု အားနည်းနေတာကို ပြလိုက်တာပဲ” လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့အပတ်က ဒီကိစ္စအပေါ် ကုမ္ပဏီနာမည်နဲ့ လူသိရှင်ကြား တောင်းပန်ခဲ့ပြီးနောက်မှာ စတားဘတ်စ်ကိုရီးယားရဲ့ အကြီးအကဲကိုလည်း ရာထူးကနေ ချက်ချင်း ထုတ်ပယ်လိုက်ပါတယ်။
အခြေအနေက ငြိမ်မသွားဘဲ သမ္မတကိုယ်တိုင်ပါ ဝင်ရောက်ရှုတ်ချတဲ့အထိ ပိုကြီးထွားလာချိန်မှာ ရှင်းဆဲဂယ် ဥက္ကဋ္ဌကြီး ချောင်းယုံးဂျင် ကိုယ်တိုင် အများပြည်သူရှေ့ ထွက်လာကာ အလေးအနက် ထပ်မံတောင်းပန်လိုက်တာ ဖြစ်ပါတယ်။
စတားဘတ်စ် ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်ကလည်း တောင်းပန်စာ ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။
Source: Reuters










