
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတဝန်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ ၁,၅၀၀ ကျော်ကို ဧပြီ ၃၀ ရက် ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း စစ်အာဏာရှင်က ထုတ်ပြန်ကြေညာပါတယ်။
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၅၀၈ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာလို့ စစ်အာဏာရှင် မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်တာပါ။
ဒီလိုလွတ်ငြိမ်းခွင့်ပေးတာမှာ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်က "အခုလိုလွှတ်ပေးတာတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မလွှတ်ပေးဘဲ သူခိုးဂျပိုးတွေပဲ လွတ်နေတော့ ဘာထူးမှာလဲ။ တိုင်းပြည်မှာ မှုခင်းပဲပိုများလာမှာ” လို့ ပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၃၀ ရက်မတိုင်မီ အကျဉ်းထောင်သီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကိုလည်း ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ ခွင့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ကလည်း မြန်မာနိုင်ငံတဝန်းရှိ အကျဥ်းထောင် အသီးသီးကနေ အကျဥ်းသား ၊ အကျဥ်းသူ ၄၃၀၀ ကျော်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာခဲ့တာမှာ သမ္မတ ဦးဝင်းမြင့်ပြန်လွတ်လာပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်မှု အလွန်နည်းပါးခဲ့ပါတယ်။










