
အီရန်နိုင်ငံကို စစ်ရေးအရ ဖိအားပေးပြီး မတည်မငြိမ်ဖြစ်အောင်၊ အားနည်းသွားအောင်လုပ်ဖို့ ကြိုးစားခဲ့ကြတာတွေကို အောင်အောင်မြင်မြင် ဟန့်တားနိုင်ခဲ့တယ်လို့ အီရန်သမ္မတ မာဆွဒ် ပေဇက်ရှ်ကီယန်က ဩဂုတ် ၇ ရက် အစိုးရရုပ်သံ အင်တာဗျူးမှာ ပြောပါတယ်။
အမေရိကန်နဲ့ စစ်ပွဲမစခင်ကတည်းက သူ့အစိုးရအနေနဲ့ ညှိနှိုင်းနေခဲ့တာဖြစ်ပြီး တခြားသူတွေကသာ စစ်ပွဲဖြစ်အောင် ဆော်ဩခဲ့ကြတာလို့ သမ္မတ ပေဇက်ရှ်ကီယန်က အပြစ်တင်လိုက်ပါတယ်။
ဒီစစ်ပွဲကို အီရန်ဘက်က စတင်ခဲ့တာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေချိန်မှာ တဖက်ကသာ ဆက်ပြီး စစ်ပွဲကို လှုံ့ဆော်နေခဲ့တာပါလို့ ပြောပါတယ်။
အီရန်သမ္မတက “ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုပြီး စစ်ပွဲဖြစ်သွားတယ်လို့ ဝေဖန်ကြပေမဲ့ အီရန် အနေနဲ့ စစ်ကို မလိုလားခဲ့ပါဘူး။ ရန်သူတွေက စစ်ပွဲနဲ့အတူ အီရန်နိုင်ငံ ပြိုလဲသွားလိမ့်မယ်လို့ တွက်ဆထားခဲ့ကြပေမဲ့ သူတို့မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ ဆန္ဒပြဖူးသူတွေ အပါအဝင် အီရန်ပြည်သူတွေဟာ အခုချိန်ထိ အစိုးရနဲ့အတူ တောင့်ခံ ရပ်တည်ပေးခဲ့ကြပြီး၊ နောက်နောင်မှာ လည်း ဘုရား ကျေးဇူးတော်ကြောင့် ဒီထက်မက ပိုမိုတောင့်တင်းခိုင်မာလာဦးမယ်” လို့ ပြောပါတယ်။
ဒီစစ်ပွဲဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုမှာ တိုင်းပြည်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် သူ့ရဲ့သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီကို အဓိပတိခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပေမဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့်လူထုရှေ့ကို ထွက်မလာဘဲ ငြိမ်နေခဲ့ပါတယ်။
တဖက်မှာလည်း အမေရိကန်သမ္မတထရမ့်ပ်က အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲဟာ မကြာခင် ပြီးဆုံးတော့မယ်လို့ ယုံကြည်ကြောင်းနဲ့ စစ်တပ်မှာ လက်နက်ထောက်ပံ့ရေးပိုင်း အခက်အခဲအချို့ ရှိနေတယ်လို့ ဩဂုတ် ၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
Source:Reuters










