DVB Logo
Home
မြန်မာသတင်း
အလုံ၊ မိုးကောင်းသစ်ဆိပ်ဝင်းကို စစ်တပ်က အင်အားသုံးဖျက်ဆီးပြီး အုပ်ချုပ်ရေးမှူးအပါ ၆ ဦးကို ဖမ်းဆီး
DVB
·
March 19, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်မှာရှိတဲ့ မိုးကောင်းသစ်ဆိပ်ဝင်းကို မတ်လ ၁၈ ရက် မနက် ၆ နာရီက စစ်ကောင်စီတပ်က အင်အားသုံးဖြိုဖျက်ရာ ရပ်ကွက်နေသူဘက်က ရပ်တည်ပြောဆိုခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ယောက်ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မနေ့ မနက် ၆ နာရီက စစ်ကောင်စီတပ်က ရဲ၊ စည်ပင်၊ ထွေအုပ်နဲ့ မီးသတ်အပါအဝင် အင်အားရာနဲ့ချီကာ ဘက်ဟိုးကားတွေနဲ့ လူနေအိမ်တွေကိုစစ်တပ်က လာဖျက်ရာ ရပ်ကွက်နေသူတွေနဲ့ အချေအတင်စကားများခဲ့ကြလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေက ဝင်တားခဲ့ကြတာမှာ  ရိုက်နှက်ဖမ်းဆီးခံရတာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

"အင်အားသုံးဖျက်တော့ စစ်တပ်၊ ရဲနဲ့ ဒေသခံတွေ အချေအတင်စကားများကြတယ်။ ရဲတွေက ရပ် ကွက်နေသူတွေကို ရိုက်တော့ အုပ်ချုပ်ရေးမှူးက မခံနိုင်ဘူး။ ရပ်ကွက်နေသူတွေဘက်က ရပ်တည်ပြီးပြောတယ်။ အဲ့လိုပြောရမလားဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ရာအိမ်မှူးရယ်၊ သူ့မိန်းမရယ်၊ ရပ်မိ၊ ရပ်ဖ ၃ ဦးရယ် ဖမ်းသွားတယ်။ အခုချိန်ထိ ပြန်မလွတ်ဘူး။”

ဖမ်းဆီးခံရသူတွေကတော့ စောရန်ပိုင်အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထွန်း၊ ရာအိမ်မှူး ဦးအောင်မိုးနဲ့ သူ့ရဲ့ဇနီး၊ ရပ်မိရပ်ဖတွေဖြစ်တဲ့ ဦးချစ်ဆန်းနဲ့ ဦးညွန့်ဖြိုး အပါအဝင် ၃ ယောက် စုစုပေါင်း ၆ ယောက်ဖြစ်ပါတယ်။

မိုးကောင်းသစ်ဆိမ့်ဝင်းကို စစ်တပ်ပိုင် MEC က အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်ဖို့ဆိုပြီး  ၂၀၂၅ ခုနှစ် ဧပြီမှာ တကြိမ်၊ ဇွန်လမှာ တကြိမ်နဲ့  ၂၀၂၆ မတ်လမှာ တကြိမ် ၃ ကြိမ်တိုင် ဖယ်ရှားခိုင်းတာလို့ သစ်ဆိမ့်ဝင်းမှာ နေသူတယောက်က ပြောပါတယ်။

“နေတဲ့သူတွေက ဖယ်မပေးဘူးလို့ မပြောဘူး။ စီမံကိန်းအတွက်ဆို ဖယ်ပေးမယ်၊ နေစရာ အစားပြန်တောင်းတယ်၊ အဲဒီလိုတောင်းတော့ စစ်တပ်က လှိုင်သာယာမှာ လယ်မြေတွေ အကွက်ရိုက်ပြီး ပြန်ပေးတယ်။ သူတို့ပေးတဲ့ မြေကွက်က ပြဿနာတက်ထားလို့ ကျူးဆိုပြီး ဖျက်ထားတဲ့ လယ်မြေတွေ အာမခံချက်မရှိလို့ မပြောင်းကြတာ။”

ဒီမတိုင်ခင် စစ်တပ်ပိုင် MEC နဲ့ မိုးကောင်းသစ်ဆိမ့်ဝင်းနေသူ ၁၂ ဦးပါ ကော်မတီတို့ ညှိနှိုင်းကြရာ MEC ဘက်က လှိုင်သာယာမြို့နယ်၊ ကပြိုကျေးရွာ လယ်မြေပေါ်မှာ ပေ ၂၀×၆၀ မြေကွက်တွေ အကွက်ရိုက် ပြန်ပေးခဲ့ပေမဲ့ ပိုင်ဆိုင်မှု အထောက်အထားမရှိတာကြောင့် သစ်ဆိမ့်ဝင်း နေထိုင်သူတွေက မပြောင်းကြတာလို့ နေထိုင်သူနောက်တယောက်က ပြောပါတယ်။

“စစ်တပ်က ကပြိုကျေးရွာမှာ မြေအစားပြန်ပေးတယ်။ တချို့က သွားနေကြတယ်၊ သွားနေတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးက ဧည့်စာရင်းမပေးဘူး။ ဧည့်စာရင်းမပေးတော့ မြို့နယ်ကို သွားပြောတဲ့ အချိန်ကျတော့ ပိုင်ဆိုင်မှုအထောက်အထား တောင်းတယ်။ အထောက်အထားမရှိရင် ဖျက်မဲ့ပုံစံမျိုး။  အလုံမှာ ဖျက်လို့ လှိုင်သာယာ ရောက်တယ်။ လှိုင်သာယာမှာ ထပ်အဖျက်ခံရမယ်ဆိုတော့ ကျန်တဲ့သူတွေက သွားမနေတော့တာ။”

လက်ရှိအခြေအနေမှာတော့ မိုးကောင်းသစ်ဆိမ့်ဝင်းကို မနေ့ကတည်းက စစ်တပ် ဦးဆောင်ပြီး လူနေအိမ်တွေကို အင်အားသုံး ဖျက်ဆီးလိုက်လို့ အိမ်ခြေ ၃၀၀  လောက်က ဒေသခံ ပြည်သူတွေ ဘုန်းကြီးကျောင်းနဲ့ လမ်းဘေးတွေမှာ နေထိုင်နေရပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း မိုးကောင်းသစ်ဆိမ့်ဝင်းကို စီမံကိန်းတည်ဆောက်ဖို့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)က ကြိုးစားခဲ့ပေမဲ့ နေထိုင်သူတွေက သမ္မတဦးသိန်းစိန်ထံ အသနားခံစာတင်ခဲ့တာကြောင့် စီမံကိန်းတည် ဆောက်ရေးလုပ်ငန်းကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013