
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမဲ့ လုပ်ထုံးလုပ်နည်း မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်လို့ ဒီမူဘောင်အသစ်ဟာ ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကို ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ် ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြည်သူလူထုရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ကိုယ်ကျင့်တရားပိုင်းကို ကာကွယ်နိုင်ဖို့အတွက်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးဖို့ လိုအပ်တယ်လို့ ယူဆရတဲ့ ပြစ်မှုအမျိုးအစား ၆ ချက်ကို သတ်မှတ်လိုက်ပါတယ်။
အဲဒါတွေက ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတာ၊ ဒါမှမဟုတ် ဗီဇာသက်တမ်းကျော် နေထိုင်တာ၊ နိုင်ငံခြားသား အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး အလုပ်လုပ်ကိုင်တာ၊ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီး ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်တာ၊ အစိုးရ တရားဝင် စာရွက်စာတမ်းအတုတွေ ပြုလုပ်တာ၊ ဒါမှမဟုတ် စာရွက်စာတမ်းအတုတွေကို အသုံးပြုတာ၊ ထောင်ဒဏ် ၃ နှစ်နဲ့အထက် ကျခံရမဲ့ ရာဇဝတ်ပြစ်မှုတခုခုကို ကျူးလွန်တာ၊ အဆိုပါ ပြစ်မှုတခုခုကို ကျူးလွန်ရာမှာ ပင်မတရားခံအဖြစ် ပါဝင်တာ၊ လှုံ့ဆော်သူ၊ ဒါမှမဟုတ် အားပေးကူညီသူအဖြစ် ပါဝင်တာ စတာတွေ ပါဝင်နေပါတယ်။
ဒါကြောင့် ဒီ ပြင်းထန်တဲ့ ဥပဒေကြမ်းဟာ လူ့အခွင့်အရေးနဲ့ လူသားလုံခြုံရေးကို ပြောင်ပြောင်တင်းတင်း ထိခိုက်နေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ထောက်ပြပါတယ်။
“ထိုင်းနိုင်ငံမှာ ရောက်နှင့်နေပြီးသား အဲဒီ ထိုင်းရောက် မြန်မာတွေထဲမှာ စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံရေးနဲ့ နှီးနွှယ်ပတ်သက် ဆက်နွှယ်နေတဲ့လူတွေဟာ မြန်မာနိုင်ငံကို ဘယ်လိုမှ ပြန်လို့မရဘူး။ အဲဒီလူအင်အားစုကလည်း အများကြီး သိန်းနဲ့ချီပြီး ရှိနေကြတဲ့အခါကျတော့ သူတို့ကိုများ အဲဒီ ၆ ချက်ထဲက တချက်ချက်နဲ့ ငြိစွန်းလို့ ပြန်ပို့မယ်ဆိုရင် သေမင်းနှုတ်ခမ်းဝကို တွန်းပို့လိုက်သလို သေတွင်းထဲကို တွန်းပို့လိုက်သလို ဖြစ်စေတယ်။ အဲဒီတော့ CDM အပါအဝင် နိုင်ငံရေးနဲ့ နှီးနွှယ် ပတ်သက်တဲ့လူတွေ၊ နိုင်ငံရေးမှာ တက်တက်ကြွကြွလုပ်ပြီး မြန်မာ့အရေးအတွက် ထောက်ပံ့လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ အကုန်လုံးပေါ့။ ဒီမိုကရေစီအင်အားစုတွေ အကုန်လုံးဟာ မိခင်မွေးရပ်မြေကို ပြန်ပို့ခံရမယ်ဆိုရင် အကုန်လုံး သေတွင်းထဲ တွန်းပို့လိုက်သလို ဖြစ်တယ်၊ သေမင်းနှုတ်ခမ်းဝကို နင်းနေသလိုလည်း ဖြစ်နေတယ်။”
Myanmar Witness ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ကာလအတွင်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနိုင်ငံကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်ရှိပြီး အဲဒီအထဲကမှ ၈၄ ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံက ပြန်ပို့တာ ဖြစ်ပါတယ်။
နေရပ်ပြန်ပို့ခံရသူတွေဟာ မိသားစုတွေဆီ ပြန်ခွင့်မရဘဲ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းကနေ ကော့သောင်းကို ရောက်တာနဲ့ ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်ရင်းထံ တိုက်ရိုက် လွှဲပြောင်း ထိန်းသိမ်းခံရပါတယ်။
အဲဒီနောက်မှာတော့ ဖမ်းဆီးခံလူငယ်တွေကို မြိတ်မြို့ကတဆင့် စစ်သင်္ဘောတွေ၊ ငါးဖမ်းလှေတွေနဲ့ ပုလောမြို့နယ်က စစ်အာဏာရှင်ရဲ့ အမှတ် ၁၂ စစ်သင်တန်းကျောင်းကို ပို့ဆောင်ပြီး စစ်သင်တန်း အတင်းအဓမ္မ တက်ခိုင်းကာ သင်တန်းဆင်းတာနဲ့ ဘုတ်ပြင်းအခြေစိုက် ခမရ ၅၅၉ လို တပ်ရင်းတွေမှာ အမည်သွင်းပြီး တိုက်ပွဲပြင်းထန်တဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေကို တိုက်ရိုက် စေလွှတ်တာ ခံနေရတယ်လို့ Myanmar Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်ပြေးလာရတဲ့ လူငယ်တယောက်ကလည်း သူလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
“ကျနော်တို့လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး နေချင်တာပေါ့ဗျာ။ ရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့အတွက် တအိမ်တက်ဆင်း စာရင်းတွေ လိုက်ကောက်တာ၊ မဲနှိုက်ခိုင်းတာတွေ ဆက်တိုက်လုပ်လာတော့ ကိုယ့်အလှည့် ရောက်တော့မယ်ဆိုတာ သိတဲ့နေ့ကစပြီး အိမ်မှာ မအိပ်ရဲတော့ဘူး။ အဲဒါကြောင့် အိမ်ကလည်း ပြေးတော့ဆိုပြီး ရှိတဲ့ရွှေလေးရောင်း၊ ပွဲစားခပေးပြီး ရတဲ့လမ်းကြောင်းကနေ ထိုင်းဘက်ကို အသက်လုပြေးခဲ့ရတာပါ။ အခု ဒီရောက်တော့လည်း အဖမ်းအဆီး အရမ်းကြမ်းနေတဲ့ သတင်းတွေကြားတော့ နေ့တိုင်း ရင်တထိတ်ထိတ်နဲ့ပဲ အပြင်တောင် မထွက်ရဲပါဘူး။ ပြန်ပို့ခံရရင် ကျနော်တို့အတွက်က သေဒဏ်ပေးခံရတာနဲ့ အတူတူပဲ။”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကတော့ ပုလော စစ်သင်တန်းကျောင်းကို ရေယာဉ်နဲ့ အပို့ခံရတဲ့ လူငယ် ၂၇၀ ထဲက ၃၀ လောက်ဟာ လှေပေါ်မှာ စစ်သားတွေကို ပြန်လည်တိုက်ခိုက်ပြီး ထွက်ပြေးခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ တယောက် သေဆုံး၊ ၂ ယောက် ပျောက်ဆုံးခဲ့ပေမဲ့ ကျန်တဲ့ လူငယ် ၂၇ ယောက်စလုံးဟာ စစ်တပ်က လက်နက်တွေ လုယူပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ဆီမှာ ခိုလှုံ လွတ်မြောက်သွားခဲ့ပါတယ်။
ဒါကြောင့်မို့ ရွှေ့ပြောင်းပြုပြင်တိုးတက်ရေးကွန်ရက် အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက ထိုင်းအစိုးရအနေနဲ့ အန္တရာယ်ရှိတဲ့နေရာကို ပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး မူဝါဒတွေကို လေးစားဖို့နဲ့ ဒီစည်းမျဉ်းမူကြမ်းကို ချက်ချင်းဆိုင်းငံ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ တရပ်လုံးကို စနစ်တကျ ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
မောရစ်










