
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည်တွေ စခန်းပြင်ပမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒုက္ခသည်တွေရဲ့ ခေါင်းဆောင်မှုကို အသိအမှတ်ပြုပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးမှာ ရေရှည် ရင်းနှီးမြှုပ်နှံပေးဖို့ The Border Consortium (TBC)၊ ကရင်ဒုက္ခသည်များကော်မတီ (KRC)နဲ့ ကရင်နီဒုက္ခသည်များကော်မတီ (KnRC) တို့က ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်အတွင်း ဒုက္ခသည် ၆,၈၀၀ ကျော်ဟာ စခန်းပြင်ပမှာ တရားဝင် အလုပ်အကိုင်တွေ ရရှိခဲ့ပြီး မိသားစုတွေကို ထောက်ပံ့ ပံ့ပိုးပေးနိုင်ခဲ့ကြကြောင်း၊ စခန်းကော်မတီတွေကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပြီး လုံခြုံရေးနဲ့ သွားလာရေးဆိုင်ရာတွေကို စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဘတ်ဂျက်တွေ လျော့ကျလာတဲ့အတွက် အသက်ကြီးသူတွေနဲ့ မသန်စွမ်းသူတွေအတွက် အခက်အခဲတွေ ရှိနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ အလှူရှင်တွေအနေနဲ့ ဒုက္ခသည်တွေကိုယ်တိုင် ဦးဆောင်တဲ့ အုပ်ချုပ်မှုစနစ်မှာ ပိုမိုပံ့ပိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။










