
တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတွေနဲ့ စုဖွဲ့ထားတဲ့ လုံခြုံရေးအရန်အဖွဲ့ကို တရားဝင်အဖွဲ့အဖြစ် အသိအမှတ်ပြုခံရပြီး နယ်မြေလုံခြုံရေးကိစ္စရပ်တွေမှာ လိုက်ပါဆောင်ရွက်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဘူဖျောင်းမြို့မှာ မြန်မာနိုင်ငံသား ၁၄ ယောက်နဲ့ စတင်ဖွဲ့စည်းထားတဲ့ စေတနာ့ဝန်ထမ်း ကင်းလှည့်အဖွဲ့ကို တောင်ကိုရီးယားအစိုးရက တရားဝင်လုံခြုံရေးအရန်အဖွဲ့အဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဇွန် ၂၃ ရက်မှာ ရဲတပ်ဖွဲ့က အခမ်းအနားနဲ့ ခန့်အပ်လွှာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့ဖြစ်လာအောင် ကြိုးပမ်းခဲ့သူတယောက်ဖြစ်တဲ့ ကိုကျော်စံက “အခုလို တရားဝင်အဖွဲ့အစည်း တခုအနေနဲ့ အသိအမှတ်ပြုခံရမှုနဲ့အတူ ရှေ့ဆက်ပြီး မြန်မာလူမျိုးတွေ ရပိုင်ခွင့်၊ သိက္ခာနဲ့ လုံခြုံရေးကို ပိုမိုကာကွယ်စောင့်ရှောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ရေးသားထားပါတယ်။
မြန်မာလုံခြုံရေးအရန်အဖွဲ့က ခန့်အပ်လွှာ လက်ခံရယူပြီးနောက်မှာ ကိုရီးယားရဲတပ်ဖွဲ့နဲ့အတူ လှည့်ကင်းလှည့်တာကို ပထမဆုံး လိုက်ပါပြုလုပ်ခဲ့ပြီး အများပြည်သူဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး စတင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ ဖွဲ့စည်းထားတဲ့ အင်ချွန်းဘူဖျောင်းမှာ မြန်မာဘုန်းကြီးကျောင်းတွေ၊ မြန်မာစားသောက်ဆိုင်တွေ စုဝေးဖွင့်လှစ်ထားတဲ့အတွက် ပိတ်ရက်တွေမှာ တခြားမြို့တွေက မြန်မာတွေ လာရောက်ဆုံစည်းကြတဲ့ အထင်ကရနေရာတခု ဖြစ်ပါတယ်။
အခုလို စေတနာ့ဝန်ထမ်း လုံခြုံရေးအဖွဲ့ စတင်လိုက်တာကြောင့် ဘူဖျောင်းဘူတာပတ်ဝန်းကျင်ရဲ့ လုံခြုံရေးအခြေအနေကို ကောင်းမွန်တဲ့ဘက် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘူဖျောင်းဘူတာ ရဲကင်းစခန်းမှ ရဲမှူးက ခန့်အပ်လွှာပေးအပ်ချိန်မှာ မှတ်ချက်ပြုသွားတယ်လို့ ကိုကျော်စံက ပြောပါတယ်။










