
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ မဏိပူရပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်ခိုလှုံနေတဲ့ တရားမဝင် နေရပ်စွန့်ခွာ နေထိုင်သူအယောက် ၅၀၀ ကို ဇီဝမှတ်တမ်း ကိုယ်ရေးအချက်အလက်တွေ ကောက်ယူနိုင်ခဲ့တဲ့အကြောင်း Hindustan Times သတင်းမှာ ဇွန် ၃၀ ရက်က ဖော်ပြပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ နယ်စပ်လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းတွေကို မြှင့်တင်ဖို့အတွက် ကမ်ဂျောင်ဒေသမှာရှိတဲ့ နေရပ်စွန့်ခွာလာရသူ မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နယ်စပ်အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို ပိုမိုခိုင်မာစေဖို့အတွက် ကမ်ဂျောင်ခရိုင် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာလာရတဲ့ မြန်မာနိုင်ငံသားတွေကို မည်သူမည်ဝါဖြစ်ကြောင်း စိစစ်တာနဲ့ ဇီဝအချက်အလက် မှတ်ပုံတင်တဲ့ လုပ်ငန်းတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ခဲ့တာလို့ ဆိုပါတယ်။
ကမ်ဂျောင်ခရိုင်ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းက အင်ဖာမြို့ရဲ့ အရှေ့မြောက်ဘက် မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ခရိုင်တခု ဖြစ်ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခုလို မှတ်တမ်းတင်တဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ယာယီခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေရှိရာ ဖိုင်ကော့၊ ရှန်ခါလော့ခ်နဲ့ အလိုယိုရွာတွေမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ အရပ်ဘက်အရာရှိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၀ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇီဝအချက်အလက်မှတ်တမ်းတင်တာနဲ့ လူဦးရေဆိုင်ရာ မှတ်တမ်းကောက်ယူတာတွေကို လုပ်ဆောင်ခဲ့ကြတာပါ။
အဲဒီလုပ်ငန်းစဉ်အတွင်း လူဦးရေ ၅၀၀ ဝန်းကျင်ကို ကောက်ယူနိုင်ခဲ့ပြီး အုပ်ချုပ် ရေးပိုင်းဆိုင်ရာ စီမံကိန်းတွေနဲ့ လုံခြုံရေးစောင့်ကြည့်မှုတွေကို ပံ့ပိုးပေးနိုင်မဲ့ ဗဟိုအခြေပြု အချက်အလက်စနစ် တခုကို ဖန်တီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အခုလို စိစစ်ကောက်ယူမှုဟာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အမျိုးသားလုံခြုံရေး လိုအပ်ချက်တွေနဲ့ စနစ်တကျရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို မျှတအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ အရပ်ဘက်-စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အန်ကာ စစ်ဆင်ရေးရဲ့ ဒုတိယအဆင့်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒုတိယအဆင့်ဟာ ပထမအဆင့်ရဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး ဆက်လက်လုပ်ဆောင်တာဖြစ်ကာ ပထမအဆင့်တုန်းကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ခိုးဝင်မှုတွေကို တားဆီးဖို့အတွက် လျှပ်စစ်စောင့်ကြည့်ရေးစနစ်တွေ မြှင့်တင်တာ၊ ကင်းလှည့်မှုတွေ တိုးမြှင့်တာနဲ့ နယ်စပ်ခြံစည်းရိုး ခတ်တာတွေကတဆင့် နယ်စပ်လုံခြုံရေးကို ခိုင်မာအောင် အဓိကထား လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အခုအခါ ဒုတိယအဆင့်ကို ကူးပြောင်းလာတာနဲ့အမျှ နယ်စပ်လုံခြုံရေးကို အဓိက ထားရာကနေ ယာယီခိုလှုံခွင့်ပေးထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြည့်စုံတဲ့ မှတ်တမ်းမှတ်ရာတွေကို ထိန်းသိမ်းပြီး ပြည်တွင်းနယ်မြေတွေထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးဘက်ကို အလေးပေး ပြောင်းလဲလာတာ ဖြစ်ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ကတော့ ဇီဝအချက်အလက်စနစ်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရမှုကို ပပျောက်စေပြီး အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ဖို့ ကူညီပေးမှာဖြစ်သလို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့လည်း နယ်စပ်အုပ်ချုပ်ရေးနဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေကို တိတိကျကျ ချမှတ်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ မှတ်တမ်းတွေကို ရရှိစေမှာလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူတွေ ပိုပြီးတော့ တိုးပွားလာနေသလို ခရိုင်အတွင်း လုံခြုံရေးတပ်ဖြန့်မှု အားကောင်းစေဖို့အပြင် အုပ်ချုပ်ရေးအဖွဲ့တွေက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝမှတ်တမ်း အချက်အလက်တွေ ကောက်ယူဖို့အတွက် ပြီးခဲ့တဲ့ နှစ်တွေကတည်းက စတင်နေခဲ့တာ ဖြစ်ပါတယ်။
Source: Hindustan Times










