DVB Logo
Home
မြန်မာသတင်း
စင်ကာပူ ရေလှောင်တမံ၌ မိကျောင်းရောက်နေဟုဆိုကာ AI ဖြင့် ပုံထုတ် ပေးပို့ခဲ့သည့် မြန်မာ ၁ ဦး တရားစွဲခံရ 
DVB
·
September 30, 2026
Photo: PUB
Photo: PUB
Donate to DVB

စင်ကာပူက ရေလှောင်တမံတခုမှာ မိကျောင်း ရောက်နေတယ်လို့ AI နဲ့ ပုံထုတ်ပြီး မိတ်ဆွေတယောက်ဆီကို ပို့ခဲ့တဲ့ မြန်မာနိုင်ငံသားကို စက်တင်ဘာ ၂၉ ရက်မှာ ရဲတပ်ဖွဲ့က တရားစွဲလိုက်တယ်လို့ စင်ကာပူအခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

အသက် ၃၀ အရွယ် ရဲလင်းဟာ စက်ကာပူ နိုင်ငံအနောက်ဘက်မှာရှိပြီး အကြီးဆုံးဖြစ်တဲ့ ပန်းတန်းရေလှောင်တမံထဲမှာ မိကျောင်းရှိနေသလိုပုံကို Gemini AI နဲ့ ဖန်တီးပြီး ဩဂုတ် ၂၀ ရက်က သူ့ရဲ့ မိတ်ဆွေတယောက်ဆီကို ပို့ခဲ့ပါတယ်။

နောက်တရက်မှာတော့ အဲဒီပုံနဲ့ Gemini AI သုံးတဲ့မှတ်တမ်းကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၀ ရက်မှာပဲ ပန်းတန်း ရေလှောင်တမံမှာ မိကျောင်းတွေ့ရတယ်လို့ အမျိုးသားရေလုပ်ငန်းအေဂျင်စီဆီကို အကြောင်းကြားစာရောက်လာတာကြောင့် အေဂျင်စီ တာဝန်ရှိသူတွေနဲ့ အမျိုးသားဥယျာဉ်များ ဘုတ်အဖွဲ့ဝင်တို့က အဲဒီဧရိယာမှာ ရှာဖွေဖမ်းဆီးရေး လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေလှောင်တမံမှာ လုပ်နေကျဖြစ်တဲ့ စင်ကာပူ လှေလှော်အသင်းနဲ့ ကနူးလှေ အဖွဲ့ချုပ်တို့ရဲ့ လေ့ကျင့်ရေးကို ၂ ရက်ကြာ ရပ်ထားခဲ့ရပါတယ်။

အမျိုးသားရေလုပ်ငန်းအေဂျင်စီဟာ မိကျောင်း တွေ့တယ်လို့ သတင်းပို့ချက်ကို ရတဲ့အကြောင်းနဲ့ ဓာတ်ပုံအရ ရေငန်မိကျောင်းဖြစ်နိုင်ခြေ ရှိကြောင်း၊ တကယ်လို့ မိကျောင်းကို တွေ့တယ်ဆိုရင် သတင်းပို့ကြဖို့ သူတို့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဩဂုတ် ၂၁ ရက်မှာ အဲဒီပုံဟာ AI နဲ့ ဖန်တီးထားတယ်ဆိုတာကို အမျိုးသားရေလုပ်ငန်းအေဂျင်စီက စိစစ်နိုင်ခဲ့ပြီး ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

အဲဒီနောက် ရဲလင်း ကို စက်တင်ဘာ ၂၉ ရက်မှာ ရဲတပ်ဖွဲ့က တရားစွဲခဲ့ပြီး ရဲလင်းကလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံမှာဖြစ်သလို ရှေ့နေငှားမှာမဟုတ်ဘူးလို့ တရားရုံးမှာ စကားပြန်ကတဆင့် ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

သူ့ကို ချုပ်နှောင်ထားလားဆိုတာနဲ့ ပုံဟာ အမျိုးသား ရေလုပ်ငန်းအေဂျင်စီဆီကို ဘယ်လို ရောက်သွားတယ် ဆိုတာကို သတင်းတွေမှာ ဖော်ပြမထားသလို အများပြည်သူဆီကို ပျံ့နှံ့သွားလား ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။

စင်ကာပူဥပဒေအရ အခု တရားစွဲဆိုထားတဲ့ မမှန်သတင်း ထုတ်လွှင့်မှုအတွက် ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ၊ ထောင်ဒဏ် ၃ နှစ်အထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သလို နောက်အမှုဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကိုဟန့်တားမှုအတွက် ထောင်ဒဏ် ၇ နှစ်အထိ၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

ဒီအမှုကို လာမဲ့ နိုဝင်ဘာလမှာ ဆက်လက်စစ်ဆေးကြားနာသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013