
မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်တွေ ကျခံရပြီးနောက် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ လောက်ကို စစ်သင်္ဘောတွေနဲ့ ပြန်ခေါ်လာပြီလို့ စစ်အာဏာရှင်က စက်တင်ဘာ ၃၀ ရက် ဒီနေ့ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
တရားမဝင်နေထိုင်တာ၊ တခြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းတွေ ချိုးဖောက်ခဲ့တာ ကြောင့် ပြစ်ဒဏ်တွေ ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်း ခံထားရသူတွေထဲက မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ယောက်ကို ခေါ်လာတာလို့ ဆိုပါတယ်။
သူတို့ကိုခေါ်ဖို့ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) နဲ့ စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့ဟာ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းဆီကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ရောက်သွားပါတယ်။
အဲဒီနောက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ ရေ၊ လေ) တို့က မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေဆီက လွှဲပြောင်းလက်ခံခဲ့ပြီး စစ်ရေယာဉ်တွေဟာ စက်တင်ဘာ ၂၉ ရက် ညပိုင်းမှာ လူမွတ်ဆိပ်ကမ်းကနေ ရန်ကုန်မြို့ဆီကို ပြန်လည်ထွက်ခွာလာတယ်လို့ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာတွေကို ပြန်မပို့ဖို့ စိုးရိမ် တကြီး ကန့်ကွက်မှုနေချိန်မှာ မလေးရှားနိုင်ငံကခုလို လွှဲပြောင်းလိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု စစ်သင်္ဘာနဲ့ နေရပ် ပြန်ပို့ခံရသူတွေထဲမှာ ရိုဟင်ဂျာတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည် လက်ခံဖို့ သဘောတူခဲ့ကြောင်း ဇူလိုင်လမှာ ကြေညာခဲ့ပြီးနောက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက နေရပ်ပြန်မပို့ဖို့ ကန့်ကွက်ခဲ့ကြတာပါ။
နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် လျင်မြန်ချောမွေ့စေဖို့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံဆီ တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် ဖိတ်ခေါ်မယ်လို့လည်း အန်ဝါက ပြောထားပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ ထိုင်းနိုင်ငံကနေ လွှဲပြောင်းပေးလိုက်တဲ့ မြန်မာနိုင်ငံသားတွေကို ကော့သောင်းမြို့ကို ခေါ်လာပြီး စစ်မှုထမ်းစေဖို့ အတင်းအဓမ္မ ခေါ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။










