
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနဲ့ ဖလူးရွာတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို ကျည်ဆန်တွေ ကျရောက်ထိခိုက်ခဲ့ပြီးနောက် နယ်စပ် သဘာဝဂိတ်တခုကို ထိုင်းဘက်က ကူးသန်းသွားလာမှု စတင်ပိတ်လိုက်ပါတယ်။
ဇူလိုင် ၂ ရက်မှာ မဲ့ကော့ကင်းရွာသားတွေ စုဝေးပြီး ဒေသကွပ်ကဲရေး ထိုင်းစစ်တပ်၊ မဲဆောက်မြို့ အုပ်ချုပ်ရေးမှူးတို့နဲ့ သွားရောက်တွေ့ဆုံခဲ့ကြရာမှာ နယ်စပ်သဘာဝဂိတ်ဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၄၊ ၉ ရပ်ကွက် ၄ ခုမှာ ဇူလိုင် ၃ ရက်ကစပြီး လူသွားလာတာနဲ့ ကုန်စည်ပို့ဆောင်ရေးတွေကို ပိတ်ထားမယ်လို့ စစ်တပ်ဘက်က တာဝန်ရှိသူတယောက်က ပြောပါတယ်။
လတ်တလော မြန်မာဘက် တိုက်ပွဲတွေကြောင့် ထိုင်းပြည်သူတွေရဲ့ အိမ်၊ ကားနဲ့ တခြားပစ္စည်းတွေ ပျက်စီးဆုံးရှုံးရသလို အသက်အန္တရာယ်လည်း ရှိနေတဲ့အတွက် ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့် သတိပေးချက်တွေကို တဖက်က တော်လှန်ရေးအဖွဲ့တွေထံ ပေးပို့ဆောင်ရွက်သွားမယ်လို့ မဲဆောက်မြို့ အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ မင်းလက်ပံနဲ့ ဖလူးရွာ အပါအဝင် ရွာပေါင်း ၂၀ လောက်မှာ တိုက်ပွဲတွေ ကြာမြင့်လာတာနဲ့အမျှ နယ်စပ်တဖက်တချက်မှာ နေထိုင်ကြတဲ့ ထိုင်း-မြန်မာ ပြည်သူတွေဟာ စစ်ဘေးဒဏ်ခံနေကြရတာ ဖြစ်ပါတယ်။










