လက်ဘနွန်တောင်ပိုင်းက စစ်ရေးအရ အချက်အချာကျသလို ကာလရှည်သိမ်းပိုက်မှုရဲ့ သင်္ကေတလည်းဖြစ်တဲ့ ခရူးဆိတ်ခေတ် ဘိုးဖို့တ် (Beaufort) ရဲတိုက်ကို သိမ်းပိုက်လိုက်ပြီလို့ အစ္စရေးစစ်တပ်က မေ ၃၁ ရက်မှာ ကြေညာပါတယ်။
ဒါဟာ ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်ရာမှာ "အဆုံးအဖြတ်ပေးမယ့် အချိုးအကွေ့" ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
"ဟစ်ဇ်ဘိုလာတွေ ထိန်းချုပ်ထားတဲ့ နေရာတွေအပေါ် ကျနော်တို့ရဲ့ ချုပ်ကိုင်နိုင်စွမ်းကို ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာအောင် လုပ်ဆောင်သွားမယ်" လို့လည်း နေတန်ယာဟုက ပြောပါတယ်။
ဒီရဲတိုက်ဟာ အစ္စရေးတို့ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ သိမ်းပိုက်တပ်စွဲခဲ့တဲ့ နေရာတခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကမှ တပ်ဆုတ်ပေးခဲ့ရပြီး အခုအခါမှာတော့ အဲဒီရဲတိုက်ပေါ်မှာ အစ္စရေးအလံကို ပြန်လည်လွှင့်ထူလိုက်ပါတယ်။
လက်ရှိမှာ အစ္စရေးကြည်းတပ် တပ်ဖွဲ့တွေဟာ လီတာနီမြစ်ကနေတဆင့် လက်ဘနွန်ပိုင်နက်ထဲကို ပိုမိုဝင်ရောက်လာနေပါတယ်။
အစ္စရေးက ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးထားတဲ့အတွက် ဒါဟာ "စုပေါင်းအပြစ်ပေးမှု" ဖြစ်တယ်လို့ လက်ဘနွန်ဝန်ကြီးချုပ် နာဝက်ဖ်ဆလမ်က စွပ်စွဲထားပါတယ်။
ဒီလို စစ်ရေးအရှိန်မြှင့်တင်လာတဲ့အပေါ် ဥရောပနိုင်ငံတွေက ဝေဖန်ထားကြပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ပြင်သစ်က တောင်းဆိုထားပါတယ်။
မတ်လကတည်းက စတင်ခဲ့တဲ့ ဒီပဋိပက္ခတွေကြောင့် လက်ဘနွန်ဘက်မှာ လူပေါင်း ၃,၃၀၀ ကျော် သေဆုံးခဲ့ရသလို ဧပြီလက ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အစ္စရေးဘက်ကလည်း စစ်သား ၂၅ ယောက် သေဆုံးခဲ့တယ်လို့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။
Source: Reuters










