
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ လာအိုခရီးစဉ်အတွင်း ၂ နိုင်ငံ အလုပ်သမားဝန်ကြီးတွေဟာ လာအိုရောက် မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးရေးနဲ့ အလုပ်သမား ကာကွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပေမဲ့ ဒီဆွေးနွေးမှုတွေဟာ အလုပ်သမားအရေးထက် အခွန်ငွေ ရရှိရေးကို ပိုပြီး ဦးတည်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ လာအိုနိုင်ငံခရီးစဉ်အတွင်း သူ ခန့်ထားတဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးနဲ့ လာအိုနိုင်ငံ အလုပ်သမားနဲ့ လူမှုဝန်ထမ်းဝန်ကြီးတို့ တွေ့ဆုံပြီး လာအိုရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက် Certificate of Identity (CI) ထုတ်ပေးရေး၊ အလုပ်သမားအခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဆွေးနွေးမှုတွေဟာ အလုပ်သမားတွေအတွက် အကာအကွယ်ပေးရေးထက် CI လုပ်ငန်းစဉ်ကနေ ဝင်ငွေကောက်ခံနိုင်ရေးကို ပိုဦးတည်နေတယ်လို့ ထိုင်းရောက် မြန်မာ အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ မြန်မာအလုပ်သမား ဝန်ကြီးကနေ လာအို အလုပ်သမားဝန်ကြီးနဲ့ လာအိုမှာ ရှိတဲ့ မြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ၊ CI ပြုလုပ်ပေးရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးတယ်ဆိုတော့ ဒါ တဖက်သတ် ဖြစ်မှာပဲလေ။ သူတို့ သပိတ်ဝင် အိတ်ဝင် ဖြစ်မဲ့ CI လုပ်ပေးပြီးတော့ လစဉ်ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း ရယူတာတို့၊ နောက် နှစ်စဉ် ဝင်ငွေကနေ ၂၅ ရာခိုင်နှုန်း ရယူတာတို့ဆိုတဲ့ ရာခိုင်နှုန်းစကားတွေကို တိုက်ရိုက် မပြောဘဲ CI လုပ်ပေးရေး လုပ်ငန်းစဉ်လို့ ဖော်ပြလို့ ကောင်းတဲ့ အမည်တပ်လို့ ကောင်းတာနဲ့ ပြုလုပ်တာလို့ မြင်ပါတယ်။ တဖက်သတ် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်တော့မယ်။ ဘာ ကာကွယ်စောင့်ရှောက်မှုမှ လုံလုံလောက်လောက် တိတိကျကျ ရေရေရာရာ ပေးမယ်လို့ မပြောထားဘဲနဲ့ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးတယ်ဆိုတာလည်း တကယ်တော့ မျက်နှာလွှဲ ခဲပစ်မဲ့ ကိစ္စပါ။ ဘာမှ ယုံကြည်ရတဲ့ကိစ္စ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ လာအိုနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀,၀၀၀ ဝန်းကျင်ကို တရားဝင်ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ လာအိုနိုင်ငံမှာ မြန်မာအလုပ်သမားတွေ ကြုံတွေ့လာနိုင်တဲ့ အလုပ်သမားအငြင်းပွားမှုတွေ၊ လုပ်ခလစာနဲ့ အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို အမှန်တကယ် ကာကွယ်ပေးနိုင်မလား ဆိုတာကသာ ပိုအရေးကြီးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာအလုပ်သမားအရေး လှုပ်ရှားတဲ့ အေအေစီအဖွဲ့မှ ကိုရဲမင်းက “လာအိုလည်း လာအိုအလျောက်၊ မလေးလည်း မလေးအလျောက်၊ ထိုင်းလည်း ထိုင်းအလျောက် အလုပ်ရှင်နဲ့ အလုပ်သမားရှိရင် ပြဿနာတွေကလည်း ဆက်တိုက်ရှိတာပဲ။ ဖြစ်ပေါ်လာတာပဲ။ အဲဒီချိန်ကျရင် လာအိုမှာရှိနေတဲ့ မြန်မာသံရုံးက မြန်မာအလုပ်သမားတွေအတွက် ဒီလို ပြဿနာတွေကို ထိုင်းမှာ ရှိနေတဲ့ အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေလို ကူညီပေးမလား၊ ဒါကို ပြန်ကြည့်ရမှာပေါ့။ သူတို့ကတော့ သေချာတယ် ငွေရဖို့အတွက်က ပုံစံမျိုးစုံနဲ့ လုပ်မှာပဲ။ အလုပ်သမားတွေရဲ့ ပြဿနာကတော့ အလုပ်သမားတွေပဲ ဖြစ်ရင် ခံရမဲ့ အခြေအနေပဲ ရှိတယ်။ အလုပ်သမားတွေအတွက်အပေါ် ပြည်ပရောက်မြန်မာနိုင်ငံသားပေါ် ကူညီဖို့ကတော့ ရှင်းရှင်းပြောရင် စေတနာမပါဘူးလို့ပဲ မြင်တယ်။ လာအို သွားမယ့်သူတွေရော၊ လာအိုမှာ ရှိနေတဲ့သူတွေရော နောက်ပိုင်း ဖြစ်လာမဲ့ ပြဿနာတွေကို ဘယ်သူက ကာကွယ်ပေးမလဲဆိုတာ စောင့်ကြည့်ရမဲ့ အခြေအနေမှာ ရှိနေတာပေါ့”လို့ ပြောပါတယ်။
စစ်အာဏာရှင် အလုပ်သမားဝန်ကြီးဌာနနဲ့ လာအို အစိုးရတို့ဟာ မြန်မာ-လာအို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ လက်မှတ်ရေးထိုးခဲ့တာပါ။
အဲဒီ စာချွန်လွှာမှာ အလုပ်သမားကျွမ်းကျင်မှု ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် နေရာချထားရေး၊ လူမှုဖူလုံရေးနဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အချက်တွေ ထည့်သွင်းထားပါတယ်။
မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ အဲဒီသဘောတူညီချက်တွေဟာ လက်တွေ့မှာ အလုပ်သမား အခွင့်အရေးကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သုံးသပ်နေကြပါတယ်။










