
မော်ရိုကိုနိုင်ငံ၊ ကပ်ဒရား အငူအနီးမှာ စစ်ရေးလေ့ကျင့်နေရင်း ကမ်းပါးနားမှာ ပျောက်ဆုံးသွားတဲ့ ဒုတိယမြောက် အမေရိကန်စစ်သည်ရဲ့ ရုပ်အလောင်းကို ရှာဖွေရေးအဖွဲ့က ပြန်လည်တွေ့ရှိပြီလို့ အမေရိကန်စစ်တပ်နဲ့ မော်ရိုကို တော်ဝင်စစ်တပ်က မေ ၁၃ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ မော်ရိုကို ရှာဖွေရေးအဖွဲ့တွေဟာ ပျောက်ဆုံးခဲ့တဲ့ စစ်သား ၂ ယောက် နောက်ဆုံး တွေ့ခဲ့တဲ့နေရာကနေ မီတာ ၅၀၀ လောက်ဝေးတဲ့ ကမ်းခြေဂူတခုထဲမှာ အမေရိကန် အမျိုးသမီး စစ်သည်ရဲ့ ရုပ်အလောင်းကို မေ ၁၂ ရက်က တွေ့ရှိပြီး ပြန်ယူနိုင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။
အမျိုးသမီးစစ်သည်ဟာ အသက် ၁၉ နှစ်အရွယ် တပ်ကြပ် မာရီယာ စီမွန် ကောလင်တန် ဖြစ်ပြီး အမြောက်တပ်ရင်းတခုက လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်ပါတယ်။
အတူတူပျောက်ဆုံးခဲ့တဲ့ တခြားစစ်သည်တယောက်ဖြစ်သူ ဒုဗိုလ် ဂျူနီယာ ကန်ဒရစ်ခ် လမွန့်ထ် ကီး ရဲ့ ရုပ်အလောင်းကိုတော့ မေ ၉ ရက်ကတည်းက တွေ့ရှိခဲ့တာပါ။
ဒီရှာဖွေရေးမှာ အမေရိကန်နဲ့ မော်ရိုကိုက စစ်ဘက်၊ အရပ်ဘက် အင်အား ၁,၀၀၀ ကျော် ပါဝင်ခဲ့ပြီး စတုရန်းကီလိုမီတာ ၂၁,၃၀၀ ကျော်အထိ ရှာဖွေခဲ့ကြပါတယ်။
ကောလင်းတန်နဲ့ ဂျူနီယာကီး တို့ရဲ့ ရုပ်အလောင်းတွေကို ဗုဒ္ဓဟူးနေ့မှာပဲ စစ်လေယာဉ်နဲ့ အမေရိကန် ကို ပြန်သယ်ဆောင်သွားပါပြီ။
ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သားတွေဟာ အာဖရိကန်ခြင်္သေ့ အမည်ရှိ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန် အာဖရိက စစ်ဌာနချုပ် (AFRICOM) က ဦးဆောင်ကျင်းပတဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေ၊ NATO မဟာမိတ်နိုင်ငံတွေနဲ့ အာဖရိက မိတ်ဖက်နိုင်ငံတွေ ပါဝင်ကြပါတယ်။
ဒီလေ့ကျင့်မှုရဲ့ အကြီးဆုံးအစီအစဉ်ကို မော်ရိုကိုမှာ ကျင်းပနေတာဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်က တပ်ဖွဲ့ဝင် ၅,၀၀၀ လောက် ပါဝင်နေတယ်လို့ AFRICOM က ပြောပါတယ်။
Source: Reuters










