
အိန္ဒိယနယ်စပ်မှာ အသတ်ခံလိုက်ရတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်း ၅ ယောက်ရဲ့အလောင်းတွေ တလကြာတဲ့အထိ ပြန်မရသေးလို့ အလောင်းပြန်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုပါတယ်။
ဧပြီ ၂၄ ရက်က အိန္ဒိယနိုင်ငံ ကမ်ချောင်ခရိုင်အတွင်းမှာ PDF တပ်ဖွဲ့ဝင်ဟောင်း ၅ ယောက်ကို ကူကီးအမျိုးသားတပ်မတော် (KNA-B) တပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲပြီး နာဂလက်နက်ကိုင်အဖွဲ့ (NSCN-IM) က ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အသတ်ခံလိုက်ရတဲ့ PDF တပ်ဖွဲ့ဝင် ဟောင်းတွေဟာ တမူး PDF တပ်ရင်း (၂) မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲဘော်တွေဖြစ်ပြီး အသက် ၁၅၊ ၁၉ နဲ့ ၂၀ နှစ်ဝန်းကျင် လူငယ်တွေ ဖြစ်ပါတယ်။
အသတ်ခံလိုက်ရသူတယောက်ရဲ့ အစ်မဖြစ်သူ ပြောကြားချက်အရ နာဂလက်နက်ကိုင်အဖွဲ့က စွပ်စွဲသလို သေဆုံးသူတွေဟာ KNA-B တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ တမူး PDF တပ်ရင်း (၂) ကနေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ထွက်ခွာလာသူတွေလို့ ဆိုပါတယ်၊။
အခုလို သတ်ဖြတ်ခံရပြီးနောက် တလနီးပါး ကြာမြင့်လာတဲ့အထိ ရုပ်အလောင်းတွေ ပြန်မရသေးလို့ အလောင်းတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုနေတာလို့ ကာယကံရှင် မိသားစုက ပြောပါတယ်။
“တပ်ရင်းထဲမှာ အဆင်မပြေတာတွေ ကြုံခဲ့ရတော့ မလေးရှားကို သွားမယ်ဆိုပြီးတော့ ထွက်ပြေးတာပဲ ရှိတယ်။ အခုလို အသတ်ခံရချိန်မှာ တာဝန်ရှိသူတွေက မသိချင်ယောင်ဆောင်နေတာ။ အလောင်းလည်း အခုထိ ဘယ်မှာရှိနေမှန်း မသိရဘူး။ ပြန်ရမယ်လို့လည်း မထင်ဘူး။ ကျမတို့က ဘာဆိုဘာမှ မပြောထွက်လောက်အောင် အရမ်းကို စိတ်နာတယ်။”
နာဂလက်နက်ကိုင်အဖွဲ့ (NSCN-IM) ကတော့ အသတ်ခံရသူတွေဟာ ကူကီးအမျိုးသားတပ်မတော် ရဲ့ ယူနီဖောင်းတွေကို ဝတ်ဆင်ထားပြီး မဏိပူရ်ပြည်နယ်ထဲကို မစ်ရှင်လုပ်ဖို့ ဝင်ရောက်လာတာကြောင့် ချေမှုန်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ မိသားစုဝင်တွေဘက်ကတော့ သေဆုံးသူ ရဲဘော် ၅ ယောက်ဟာ ကူကီးအဖွဲ့ထဲ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ၊ တပ်တွင်းမှာ ရိက္ခာမလုံလောက်မှု၊ ဆေးကုသခွင့်မရမှုနဲ့ အနိုင်ကျင့်မှုတွေကြောင့် တပ်ကနေ အရပ်ဝတ်နဲ့ ထွက်ပြေးပြီး မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားစဉ် လမ်းခရီးမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာ ဖြစ်မယ်လို့ သုံးသပ်ထားကြပါတယ်။
DVB အနေနဲ့ တမူး PDF တပ်ရင်း(၂)ရဲ့ တပ်ရင်းမှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။
ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည် (KNA-B) ဘက်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက နာဂလက်နက်ကိုင်တပ်ဖွဲ့အတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခမှာ ကူကီးလူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ထောက်ခံမှုရအောင် အကွက်ဆင် လိမ်လည်ဝါဒဖြန့်တာ ဖြစ်ပြီး အသတ်ခံရသူတွေဟာ ကူကီးအမျိုးသားတပ်မတော် အဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ထုတ်ပြန်ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် မေ ၁၃ ရက်ကလည်း အိန္ဒိယ-မြန်မာနယ်စပ် မိုင်တိုင် ၅၉ အနီးမှာရှိတဲ့ တမူးခရိုင် ပကခ စခန်းတခုကို အိန္ဒိယစစ်တပ်က ကျူးကျော် ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် ၁၀ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ပစ်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဥ်ကတည်းက ဝမ်းကွဲအစ်ကိုဖြစ်သူ ဆုံးရှုံးလိုက်ရပြီး အခုတခါ တူဖြစ်သူကို ထပ်မံဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တယောက်ကတော့ ဒီဖြစ်ရပ် ၂ ခုလုံးနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို သေချာသိခွင့်မရခဲ့ဘူးလို့ DVB ကို ပြောပါတယ်။
ကာယကံရှင် မိသားစုဝင်တယောက်က “၂၀၂၅ တုန်းက ၁၀ ယောက် အသတ်ခံရတာလည်း ကျနော်တို့ရွာက ၄ ယောက်ပါတယ်။ ကျနော့် ဝမ်းကွဲအစ်ကို ပါပါသွားတာ။ အခုဒီနှစ် ၅ ယောက်မှာ ကျနော့်တူ ထပ်ပါတယ်။ တူလေးက အသက် ၁၅ နှစ်ကျော်ရုံပဲ ရှိသေးတာပါ။ တာဝန်ယူမှု တာဝန်ခံမှုမပြောနဲ့ ဘာဖြစ်သွားတာလဲ ဆိုတဲ့ ဖြစ်ရပ်လေးတောင် အခုထိ သေချာမသိရဘူး။ ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေကို အာဇာနည်သူရဲကောင်းဘာညာနဲ့ စာပို့ပြီး ပြီးတော့မှ မျက်နှာလွှဲခဲပစ်လုပ်ထားတာတော့ အဆင်မပြေဘူးပေါ့ဗျာ”လို့ ပြောပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာ အိန္ဒိယလက်နက်ကိုင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၂၀၂၅ ခုနှစ် မေလက တမူးခရိုင် ပကဖ အဖွဲ့ဝင် ၁၀ ယောက် အပါအဝင် မြန်မာတော်လှန်ရေးရဲဘော် သေဆုံးရမှုဟာ အခုဆိုရင် ၁၅ ယောက်ရှိလာပေမဲ့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။










