DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် စစ်ကောင်စီဝန်ထမ်းများ ပြင်ပမှ စက်သုံးဆီ ဝယ်သုံးနေရ 
အောင်ခန့်
·
March 26, 2026
Photo: CJ
Photo: CJ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ စက်သုံးဆီဝယ်ယူရာမှာ စုံနဲ့ မ ခွဲတာ၊ အချိန်ကန့်သတ် ရောင်းချတာကြောင့် ဝယ်ယူရခက်ခဲပြီး ပြင်ပဆီကိုပဲ အဓိက ဝယ်ယူသုံးစွဲနေရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။ 

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စက်သုံးဆီ အကျပ်အတည်းဟာ မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေပြီး အဲဒီထဲမှာ ဘားအံမြို့လည်း ပါဝင်နေပါတယ်။ 

ဘားအံမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ဆိုင်ကယ်ကို အဓိကထားကာ ရုံးတက် ရုံးဆင်း ပြုလုပ်နေရပြီး စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲတွေကြောင့် ပြင်ပကနေ ဓာတ်ဆီ ၁ လီတာ ကျပ် ၁၅,၀၀၀ နဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။

ဝန်ထမ်းအမျိုးသမီးတယောက်က “ဘားအံမြို့မှာ ဆီအခက်အခဲတွေကြောင့် ဝန်ထမ်းတွေက အချိန်အကန့်အသတ်နဲ့ ပေးထားတဲ့အတွက်လည်း ဝန်ထမ်းတွေမှာ အချိန်မလုံလောက်ဘူး။ ဆီပြတ်သွားပြီ ဆိုရင် အနောက်က ဝန်ထမ်းတွေမှာ မရကြဘူး။ ပြီးတော့ ဝန်ထမ်းကတ်ရှိပြီး ဌာနဆိုင်ရာက စာရွက်စာတမ်း မပါဘူးဆိုရင်လည်း ဆီတန်းစီလို့ မရဘူး။ နောက် အထက်လူကြီးရဲ့အမိန့် ခွင့်ကိုလည်း ယူရသေးတယ်။ ဆီတန်းစီဖို့အတွက် အချိန် တနာရီပြည့်သွားတဲ့အတွက် နောက်ကျတဲ့ ဝန်ထမ်းတွေကျ ဆီမရကြဘူး။ ဆီမရတဲ့အတွက် ပြင်ပက ဆီ တလီတာကို  ၁၅,၀၀၀  ဝယ်ယူသုံးစွဲရတဲ့အတွက် ဝန်ထမ်းတွေမှာ လစာနဲ့ မလောက်မငအပြင် အခက်အခဲတွေ ပိုမိုရှိတာပေါ့” လို့ ပြောပါတယ်။

ဘားအံမြို့မှာ ဓာတ်ဆီ ၅ ဂါလန် ပုံးဝါ ၁ ပုံးကို အရင်ကကျပ် ၂ သိန်းခွဲကနေ ကျပ် ၂ သိန်း ၈ သောင်းထိ ဈေးနှုန်းရှိခဲ့ပြီး အခု ကျပ် ၃ သိန်းကျော်နဲ့ ဝယ်ယူရခက်ခဲနေပါတယ်။ 

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီက မတ် ၂၅ ရက် ကစတင်ပြီး ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့  Work From Home ကို  မတ် ၂၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ထမ်းအမျိုးသားတယောက်က “ဝန်ထမ်းတွေကတော့ ၅,၀၀၀ ဖိုးပဲပေးတယ်။ နေပူထဲမှာ တန်းစီရတယ်လေ။ တော်တော်လေး ပင်ပန်းတယ်။ ဒုက္ခတွေလည်း ရောက်တယ်။ နောက် ဆိုင်ကယ်တွေကလည်း တစီးတည်း မဟုတ်ဘူး ပျားအုံလိုပဲ၊ အဆင်မပြေဘူးလေ။ ပြန်ရောက်ရင် ၂,၀၀၀ ကျော်ဖိုးလောက်ပဲ ကျန်မှာပေါ့။ ဘယ်လိုမှ လုပ်လို့မရဘူး။ ဆီကိုတော့ မကန့်သတ်ဘဲနဲ့ အချိန်ကန့်သတ်တာတော့ နည်းနည်းတော်တာပေါ့။ အခုက အချိန်လည်း ကန့်သတ်တယ်။ ဆီလည်း ကန့်သတ်တယ်ဆိုတော့ သွားပြီပေါ့။ အဲဒီဒုက္ခတွေက အဘက်ဘက်ကပဲ။ ဝန်ထမ်းတွေအတွက် ၁ နာရီပေးတယ်။ ၅,၀၀၀ ဖိုးမဟုတ်ဘဲ။ ၁၀,၀၀၀ ဖိုးလောက်ပေးလိုက်ရင်တော့ မဆိုးဘူးပေါ့” လို့ ပြောပါတယ်။

ဘားအံမြို့မှာ စက်သုံးဆီအခက်အခဲကြောင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ အထည်ချုပ်ရုံတွေ အပါအဝင် အလုပ်သမား လျှော့ချတာတွေ ရှိနေပါတယ်။ 

ဒါ့အပြင် ဒေသတွင်း ထွက်ကုန်တွေအပြင် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး အခြေခံလူတန်းစားတွေဟာ မိသားစုစားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013