
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရနဲ့ တင်းမာမှုတွေ ဆက်တိုက်ဖြစ်နေချိန်မှာပဲ ကျူးဘား နိုင်ငံဟာ မေ ၈ ရက်မှာ အမြောက်တပ်တွေအပါအဝင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။
ကျူးဘားအလယ်ပိုင်း ဗီလ်ယာကလာရာ ပြည်နယ်ရှိ ဗဟိုစစ်တက္ကသိုလ် လေ့ကျင့်ရေးကွင်းမှာ စယဲဂိုးဒယ်အာဗီလာ စစ်ဒေသက တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပြီး ဒါဟာ စစ်ရေး ပြင်ဆင်မှု အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကို ဗဟိုစစ်ဌာနချုပ် တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး ရာအူးလ် ဗီလ်ယာ ကက်ဆယ်လ် ကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ပြီး ထူးချွန်တဲ့ တပ်ဖွဲ့တွေကိုလည်း အသိအမှတ်ပြု ချီးမြှင့် ခဲ့ပါတယ်။
အခုလို စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာတာဟာ ဝါရှင်တန်ဘက်က လေသံတင်းမာလာနေချိန်မှာ လုပ်ခဲ့တာပါ။
ကျူးဘားရဲ့ ကာလရှည်မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားခေါင်းဆောင်ကို ဖမ်းဆီးဖို့ ဇန်နဝါရီလက စစ်တပ်နဲ့ ဝင်ရောက်စီးနင်းပြီးနောက်မှာ ထရမ့်ပ်က "နောက်အလှည့်က ကျူးဘားပဲ" လို့ ပြောဆို ခဲ့ပါတယ်။
ဒါ့အပြင် ကျူးဘားဆီ ရေနံတင်ပို့မှု အများစုကိုလည်း ပိတ်ပင်ထားတာကြောင့် ကျူးဘားအစိုးရ အခက်တွေ့နေရပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း တော်တော်လေး ဆိုးရွားလာခဲ့ပါတယ်။
မကြာသေးခင်ကလည်း ထရမ့်ပ် က ကျူးဘားကို တနည်းနည်းနဲ့ သိမ်းပိုက်ခွင့်ရဖို့ မျှော်လင့်တယ်၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကျူးဘားကို သူလုပ်ချင်တာ ဘာမဆိုလုပ်နိုင်တယ်လို့ ပြောဆိုခဲ့တာကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ပိုပြီးတော့ တင်းမာသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ထရမ့်ပ်ဟာ ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်တိုးဖို့ အမိန့်စာမှာ လက်မှတ်ထိုးခဲ့ပါတယ်။
ကျူးဘားသမ္မတ မီဂွဲလ်ဒီယက်ဇ်ကနဲလ်က ဒီလုပ်ရပ်ကို အကျပ်ကိုင်မှု ဖြစ်တယ်လို့ ရှုတ်ချ ခဲ့ပါတယ်။
Source:Reuters










