
အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီတွေ အဆမတန် များပြားလာတာကို ကမ္ဘာတဝန်း စိုးရိမ်နေကြချိန်မှာပဲ ကမ္ဘာ့အကြီးဆုံး နိုင်ငံပိုင်ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ နော်ဝေအစိုးရ ကမ္ဘာလုံးဆိုင်ရာ ပင်စင်ရန်ပုံငွေအဖွဲ့ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ အမေရိကန်အစိုးရ ငွေတိုက်စာချုပ် အရောင်းအဝယ်တွေကို အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ နီးပါးအထိ ရောင်းထုတ်လိုက်ဖို့ အဆိုပြုလိုက်ပါတယ်။
ဒီရန်ပုံငွေကို စီမံခန့်ခွဲနေတဲ့ နော်ဝေ ဗဟိုဘဏ် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးအဖွဲ့ (NBIM) က စက်တင်ဘာ ၄ ရက်မှာ နော်ဝေ ဘဏ္ဍာရေးဝန်ကြီးဌာနထံ ပေးပို့တဲ့ စာထဲမှာ အခုလို အကြံပြုထားတာပါ။
ရန်ပုံငွေရဲ့ ပုံသေဝင်ငွေရရှိမှု ပိုင်ဆိုင်မှုတွေထဲမှာ အစိုးရ ငွေတိုက်စာချုပ်တွေ ပါဝင်တဲ့ အချိုးအစားကို ၇၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အဆိုပြုထားပြီး အဓိက လျှော့ချမဲ့ထဲမှာ အမေရိကန် ငွေတိုက်စာချုပ်တွေလည်း ပါဝင်ပါတယ်။
သတင်းတွေအရ လက်ရှိမှာ ဒီရန်ပုံငွေအဖွဲ့ဟာ အမေရိကန် ငွေတိုက်စာချုပ် ဒေါ်လာ ဘီလီယံ ၂၁၅ နီးပါးလောက် ကိုင်ဆောင်ထားတာပါ။
အခု အဆိုပြုချက်အရ ပုံသေဝင်ငွေရရှိမှု ပိုင်ဆိုင်မှုများထဲမှာ အမေရိကန် ကြွေးမြီပေါ် ရင်းနှီးမြှုပ်နှံထားတဲ့ အချိုးအစားဟာ ၃၄ ဒသမ ၁ ရာခိုင်နှုန်းကနေ ၂၁ ဒသမ ၉ ရာခိုင်နှုန်းအထိ လျော့ကျသွားမှာ ဖြစ်ပါတယ်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၄ ထရီလီယံလောက် ပိုင်ဆိုင်တဲ့ ဒီရန်ပုံငွေအဖွဲ့တင် မကဘဲ တခြား စီးပွားရေးအင်အားကြီး နိုင်ငံတွေကလည်း အမေရိကန် ငွေတိုက်စာချုပ်တွေကို လျှော့ချနေကြတာပါ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးအချက်အလက်တွေအရ ဇွန်လမှာ ဂျပန်က ဒေါ်လာ ၂၆ ဒသမ ၄ ဘီလီယံနဲ့ ဗြိတိန်က ၈ ဒသမ ၇ ဘီလီယံ အသီးသီး ထုတ်ရောင်းခဲ့ကြသလို တူရကီဟာ သူတို့ကိုင်ဆောင်ထားသမျှ အမေရိကန် ငွေတိုက်စာချုပ် အားလုံးနီးပါးကို မတ်လမှာ ရောင်းထုတ်ခဲ့ပါတယ်။
နယ်သာလန်ရဲ့ ABP ပင်စင်ရန်ပုံငွေအဖွဲ့ကလည်း ဒီနှစ် ပထမ ၃ လပတ်မှာ အမေရိကန် ငွေတိုက်စာချုပ် ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချခဲ့ပါတယ်။
ဒီလို ထုတ်ရောင်းကြတာတွေဟာ အမေရိကန်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် ယုံကြည်မှု လျော့နည်းလာတာကို ပြသနေတာပါ။
သြဂုတ်လမှာ အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ စုစုပေါင်း ကြွေးမြီဟာ ဒေါ်လာ ထရီလီယံ ၄၀ အထက်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် အမေရိကန် GDP ထက် ဒေါ်လာ ၁၀ ထရီလီယံ နီးပါး ပိုများနေတာ ဖြစ်ပါတယ်။
ငွေတိုက်စာချုပ် ဈေးကွက်ဖိအားကို လျှော့ချဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကာလရှည် ငွေတိုက်စာချုပ်တွေကို ပြန်လည်ဝယ်ယူတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဘာလင် အသုံးချသိပ္ပံနဲ့ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ ဖာဘီယန် လင်းဒ်နာ ကတော့ ဘဏ္ဍာရေး လိုငွေပြမှုကို မလျှော့ချဘဲ ကြွေးမြီသစ်တွေ ဆက်တိုက်တိုးနေသမျှ ကာလပတ်လုံး အချိန်တခုမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
Source: Reuters











