ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ဩဇာကြီးမားတဲ့ အရာရှိဟောင်းတယောက်ဖြစ်သူ အန်းဒရီးယာရ်မာ့က်ကို အကြီးစား အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးမှာ သံသယရှိသူအဖြစ် ယူကရိန်းအာဏာပိုင်တွေက မေ ၁၁ ရက်မှာ နာမည်တပ် ကြေညာလိုက်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရုရှားနဲ့ စစ်ဖြစ်နေတဲ့ကာလမှာ သမ္မတရုံးအပေါ် ဖိအားတွေ ပိုတိုးလာစေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ယူကရိန်းနိုင်ငံရေးလောကကို တုန်လှုပ်စေခဲ့တဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုတွေကြောင့် လူထု ဒေါသထွက်ခဲ့ရပြီး အဲဒီနောက်မှာ ဇလန်းစကီးရဲ့ ညာလက်ရုံးဖြစ်တဲ့ အကြံပေးအရာရှိချုပ် ယာရ်မာ့က်ဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ယူကရိန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ ယာရ်မာ့က်ဟာ မြို့တော်ကိယက်ဗ် ပြင်ပက အဆင့်မြင့်အိမ်ရာ စီမံကိန်းတခုကနေ အမေရိကန်ဒေါ်လာ ၁၀ သန်းခွဲ လောက် ငွေကြေးခဝါချမှု လုပ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိကြောင်း ဖော်ပြထားပါတယ်။
ရေဒီယိုလစ်ဘာတီ သတင်းဌာနကို ပြောဆိုရာမှာတော့ ယာရ်မာ့က်က အဲဒီအိမ်ရာစီမံကိန်းမှာ သူပိုင်ဆိုင်တဲ့ အိမ်ခြံမြေ တခုမှမရှိဘူးလို့ ငြင်းဆိုထားပြီး တခြားအချက်တွေကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။
ဒီအမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ဖော်ထုတ်ခဲ့တဲ့ အဆင့်မြင့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုတွေရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
အဲဒီတုန်းက ဇလန်းစကီးရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟောင်း တယောက်ကို နိုင်ငံပိုင် နျူကလီးယား အေဂျင်စီမှာ ဒေါ်လာ သန်း ၁၀၀ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အဲဒီစုံစမ်းစစ်ဆေးမှုအတွင်းမှာပဲ ဇလန်းစကီးနဲ့ နီးစပ်တဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်း တယောက်လည်း စွဲချက်တင်ခံထားရပါတယ်။
သမ္မတ ဇလန်းစကီးရဲ့ ဆက်သွယ်ရေးအကြံပေး ဒီမီထရိုလစ်ဗီန်ကတော့ လက်ရှိမှာ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးမှုတွေ လုပ်နေတုန်းမို့ ယာရ်မာ့က် အပေါ် သံသယရှိတဲ့ကိစ္စကို မှတ်ချက်ပေးဖို့ စောလွန်းသေးတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဖျော်ဖြေရေးဆိုင်ရာ ရှေ့နေဟောင်းဖြစ်သူ ယာရ်မာ့က်ဟာ သမ္မတနဲ့အတူ လူထုပွဲလမ်းသဘင်တွေမှာ မကြာခဏ တွဲဖက်တွေ့ရလေ့ရှိသလို အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ကိယက်ဗ်ရဲ့ အဓိက စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
Source: Reuters










