
ကရင်အမျိုးသားအစည်းအရုံး (KNU)နယ်မြေ မြိတ်-ထားဝယ်ခရိုင်မှာ ၇၆ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို သြဂုတ် ၁၂ ရက်က ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ကရင့်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့သလို KNU ဥက္ကဋ္ဌ ပဒိုစောကယ်ထူးဝေး ပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကိုလည်း ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒီအခမ်းအနားကို KNU မြိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝေး၊ KNLA တပ်မဟာ ၄ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော၊ ဗိုလ်မှူးကြီးစောဒိုမိုနဲ့ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားတို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “ကရင့်တော်လှန်ရေးဟာ ၁၉၄၉ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ရည်ရွယ်ခဲ့တာ” လို့ ပြောပါတယ်။
လက်ရှိ တော်လှန်ရေးကာလမှာလည်း အာဇာနည်တွေရဲ့ ပေးဆပ်မှုကို တန်ဖိုးထားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာတဲ့အထိ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ စုစည်းပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ကိုလည်း ပဒိုစောအယ်နားက တိုက်တွန်း ပြောကြားခဲ့ပါတယ်။











