DVB Logo
Home
ဆောင်းပါး
နယ်စပ်မျဉ်းပေါ်က အသက်သွေးကြော
DVB
·
July 23, 2026
နယ်စပ်မျဉ်းပေါ်က အသက်သွေးကြော
Donate to DVB

မနက် ၁ နာရီ။

မူဆယ်မြို့က လမ်းတွေ အများစုကတော့ တိတ်ဆိတ်နေတုန်းပဲ။ လမ်းမီးတချို့ပဲ မှိန်မှိန်လေး လင်းနေပြီး လမ်းဘေးက ခွေးဟောင်သံတွေက အမှောင်ထဲမှာ ပိုတောင် ကျယ်သလို ထင်ရတယ်။

အိမ်ငှားခန်းကျဉ်းလေးထဲကနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက် ဖြည်းဖြည်းသာသာလေး ထွက်လာတယ်။ အခန်းဖော်တွေ မနိုးသွားအောင် တံခါးကို အသာလေး ပိတ်လိုက်တယ်။ အပြင်မှာတော့ ညီဖြစ်သူက ဆိုင်ကယ်စက်နှိုးပြီး စောင့်နေပြီ။

“သွားကြစို့…”

စကားတခွန်းပဲ ပြောပြီး နှစ်ယောက်သား မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်ဘက်ကို ထွက်လာခဲ့ကြတယ်။ သူ့အတွက် ဒီအချိန်ဟာ နေ့စဉ်ဘဝရဲ့ စတင်ချိန်ပဲ။

မနက် ၁ နာရီကတည်းက ဂိတ်ကို မရောက်ရင် ရှေ့ဆုံးပိုင်းက စီနီယာနံပါတ်(စဉ်နံပါတ်) မရနိုင်ဘူး။ ရှေ့ဆုံးဘက် စီနီယာနံပါတ် မရရင် တနေ့လုံး တန်းစီစောင့်ရပြီး တခါတလေ ပြန်ထွက်ချိန် မမီ‌တော့ပဲ တရုတ်ဘက်ခြမ်း ကြုံရာ ဂိုဒေါင်ထဲမှာ၊ ဒါမှမဟုတ် ဈေးထဲက ခုံတန်းလျားပေါ်မှာ၊ ဒါမှမဟုတ် သူများဆိုင်ရှေ့ တံစက်မြိတ်အောက်မှာ အိပ်လိုက်ရတဲ့ နေ့တွေလည်း ရှိတယ်။

“ဒီနေ့ ပစ္စည်းရပါ့မလား... ဂိတ်မှာ ပေးဖြတ်ပါ့မလား... ဖမ်းတာတွေ ရှိနေမလား အဲဒါပဲ စိတ်ပူတာ”

ဂိတ်ရှေ့ရောက်တော့ သူတို့လို လူတချို့ ရောက်နှင့်နေကြပြီ။ တချို့က လမ်းဘေးမှာ ထိုင်နေကြတယ်။ တချို့က အိပ်ငိုက်နေတယ်။ တချို့ကျတော့လည်း စီးကရက်တလိပ်ကို တလှည့်စီ ဖွာနေကြတာပေါ့။ တချို့ကျတော့ တီးတိုး တီးတိုး စကားပြောနေကြတယ်။

မနက် ၆ နာရီကျော်မှ ဂိတ်ဖွင့်မှာ ဖြစ်ပေမဲ့ လူတိုင်းက နာရီ ၅ နာရီလောက် ကြိုရောက်ပြီး စောင့်နေကြရတာ။ ရှေ့ကို နည်းနည်းတိုးနိုင်ဖို့နဲ့ ဒီနေ့ အလုပ်ရဖို့အတွက်ပေါ့။

သူ့လက်နှစ်ဖက်ကို ကြည့်လိုက်ရင် ဒီအလုပ်ကို ဘယ်လောက်ကြာပြီလဲဆိုတာ ပြောစရာတောင် မလိုတော့ဘူး။ လက်ဖဝါး နှစ်ဖက်လုံးမှာ အသားမာတွေ တက်နေပြီး အသားအရေက ကြမ်းတမ်း မာကျောနေပြီ။ နေ့တိုင်း ကီလို ၁၀၀ နီးပါးရှိတဲ့ ကုန်ပစ္စည်းတွေကို လက်နဲ့ဆွဲရတဲ့ ဒဏ်ရာတွေက အချိန်ကြာလာတော့ အသားမာအဖြစ် ကျန်ခဲ့တာ။

“လက်နဲ့ပဲ ဆွဲရတာဗျ။ တခါတလေ ကီလို ၁၀၀ လောက် ရှိတယ်။ အရမ်းပင်ပန်းတယ်။ လူလည်း ကြပ်တယ်။ လေးလွန်းတော့ ဘယ်တော့ ပစ္စည်းလက်ခံတဲ့နေရာ ရောက်မလဲပဲ တွေးမိနေတော့တာ။ ဒါပေမဲ့ ဒီအလုပ်လေး ရှိနေလို့ တော်သေးတယ်။ တနေ့တနေ့ ပစ္စည်းတွေ ရပါစေ၊ ပစ္စည်းတွေ ပေးဖြတ်ပါစေလို့ပဲ ဆုတောင်းနေရတာ”

သူ့ဘဝက အရင်က အခုလို မဟုတ်ခဲ့ဘူး။ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)ဘက်က ရွာလေး တရွာမှာ မီးသွေးဖုတ်လုပ်ငန်းကို ၁၀ စုနှစ်နီးပါး လုပ်ခဲ့တာ။ တလ ဝင်ငွေက အနည်းဆုံး သိန်း ၃၀ ဝန်းကျင် ရှိတယ်။ အလုပ်သမားတွေလည်း ရှိခဲ့တယ်။ မိသားစု စားဝတ်နေရေးကို စိတ်ပူစရာ မလိုခဲ့ဘူးပေါ့။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အရာရာဟာ အခြေအနေတွေ ပြောင်းသွားတယ်။ စီးပွားရေး ပျက်သွားတယ်။ တအိမ် တယောက် စစ်မှုထမ်းရမယ်ဆိုတဲ့ ဖိအားကလည်း သူတို့ရွာအထိ ရောက်လာခဲ့တာ။

“အမေ ဆုံးသွားပြီးတဲ့နောက် မိသားစုတခုလုံးရဲ့ တာဝန်က ကျနော့်ခေါင်းပေါ် ရောက်လာတယ်။ ခါတိုင်း အမေက မိသားစုအလုပ်ကို စနစ်တကျ စီမံခန့်ခွဲခဲ့တာ။ အမေ မရှိတော့ လမ်းပျောက်သလို ဖြစ်သွားတယ်။ အမေ ကျန်းမာရေးဆိုးဝါးနေတာ သိရက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုရဲ့ စစ်သားစုဆောင်းမှုခံရလို့ စစ်မှုထမ်းနေတဲ့ ညီကို အမေ့ဆီတောင် လာကြည့်ခွင့်မပေးခဲ့လို့ စိတ်ထဲ နာကျင်ရတယ်။ ညီကိုလည်း အဲဒီကို မသွားစေချင်တော့ဘူး။ အဲဒီဒေသမှာ ဆက်နေရင် တအိမ် တယောက် စစ်မှုထမ်းရမှာပဲ။ ဒါကြောင့် ရွာကနေ ထွက်လာဖို့ ဆုံးဖြတ်ခဲ့တာ။”

ဒါပေမဲ့ သူတယောက်တည်း ထွက်လာလို့ မရဘူး။ ညီနဲ့ အဖေကိုပါ ခေါ်ပြီး ထွက်လာဖို့ ဆုံးဖြတ်ရတယ်။ ညီက စစ်မှုထမ်းဖို့ ရှောင်ရတာ‌ကြောင့် မိသားစုဆီ အန္တရာယ် ရောက်လာနိုင်တယ်။ ဒါကြောင့် ဇနီးနဲ့ တိုင်ပင်ရတယ်။ ကလေး ၂ ယောက်ကို ချန်ထားခဲ့ရတယ်။ ပတ်ဝန်းကျင်က လူတွေကို လင်မယား ကွာရှင်းသွားတဲ့ပုံစံ ဟန်ဆောင်ခဲ့ရတာ။ အိမ်ခြံမြေကို ရောင်းချလိုက်ရတယ်။ 

“အခုထိ ကျနော့်မိသားစုနဲ့ ဇနီးဘက် မိသားစုကလွဲရင် ဘယ်သူမှ မသိဘူး။ ရွာကလူတွေကတော့ တကယ် ကွာရှင်းပြီးပြီလို့ ထင်နေကြတာ”

အဲဒီလျှို့ဝှက်ချက်ကို ကိုင်ထားပြီး သူက နယ်စပ်ဂိတ်မှာ နေ့တိုင်း အသက်မွေးနေရတယ်။ မနက် ၆ နာရီခွဲ။ မြန်မာဘက်နဲ့ တရုတ်ဘက် နယ်စပ်ဂိတ်တံခါး စဖွင့်လိုက်တဲ့အချိန် လူအုပ်ကြီးက တပြိုင်တည်း လှုပ်ရှားသွားကြတယ်။ နေ့တနေ့ရဲ့ ရုန်းကန်မှုက အဲဒီအချိန်မှာ စတင်တာပဲ။

ဂိတ်တံခါးပွင့်သွားတာနဲ့ တန်းစီနေတဲ့ လူအုပ်ကြီးက တပြိုင်နက်တည်း ရှေ့ကို တိုးသွားကြတယ်။ လူချင်း ပွတ်တိုက်သံတွေ၊ အော်ဟစ်သံတွေ၊ လုံခြုံရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားသံတွေ၊ တရုတ်စကား၊ မြန်မာစကားတွေ ရောနှောနေတဲ့ အသံက နယ်စပ်ဂိတ်တခုလုံးကို လှုပ်ရှားသွားစေတော့တာပါပဲ။

ကိုစိုင်း (နာမည်လွှဲ) ကတော့ အလျင်လိုမနေဘူး။ သူ့အတွက် ဒီမြင်ကွင်းက နေ့တိုင်း မြင်နေရတဲ့ မြင်ကွင်းပဲလေ။

“အလုအယက် အလောတကြီး လုပ်နေရင်လည်း အတူတူပါပဲဗျာ။ တရုတ်ဘက်ဝင်ဖို့ တုံကင် ရထားပြီဆိုတော့ အေးအေးဆေးဆေးပဲ သွားတယ်။”

တရုတ်ဘက်ခြမ်း ဂိုဒေါင်ရောက်တာနဲ့ ဒီနေ့ သယ်ရမဲ့ ကုန်ပစ္စည်းကို လက်ခံရတယ်။ အထုပ် တထုပ်ပြီး တထုပ်၊ အိတ်ကြီး တလုံးပြီး တလုံး ရွေးရတယ်။ တဖက်နဲ့ တဖက် အလေးချိန်မျှအောင် ပြန်ချိန်ကြည့်တယ်၊ ပြန်ချည်ယူရတယ်။ လက်ကိုင်ဖို့ လက်မနာအောင် ပြင်ဆင်ရတယ်။ ဒီနေ့လည်း ကီလို ၁၀၀ နီးပါး ရှိတာပါပဲ။

“အလေးချိန်ကို စဉ်းစားမနေရဘူး။ စဉ်းစားရင် ဆွဲလို့ မရတော့ဘူး။”

ကုန်ကို စတင်ဆွဲလိုက်တဲ့ အချိန်မှာပဲ လက်ဖဝါးပေါ်က အသားမာတွေက လက်ကိုင်လုပ်ထားတဲ့ နေရာကို တင်းတင်းဆုပ်ထားရတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ချွေးတွေက မနက်စောစောမှာပဲ ကျောပြင်တလျှောက် စီးကျလာတော့တာပေါ့။

အထွက်ဂိတ်ဘက် ဦးတည်ပြီး ရှေ့ကို တလှမ်းချင်း တိုးရတယ်။ နောက်မှာလည်း လူ၊ ရှေ့မှာလည်း လူ၊ ဘေးမှာလည်း ကုန်အထုပ်တွေ။ တချို့က အလေးမနိုင်လို့ ခဏခဏ နားကြတယ်။ လူများလွန်းရင် အသက်ရှူပါ ကြပ်လာတယ်။ တခါတလ မူးလဲသွားသူတောင် ရှိတတ်တယ်။ တချို့က နေရာလုပြီး စကားများကြတာပေါ့။

“ရန်ဖြစ်တာ၊ အော်ကြဟစ်ကြတာ နေ့တိုင်းလိုလို မြင်ရတယ်။ ရန်မဖြစ်တဲ့နေ့ မရှိဘူး။ တရုတ်ရဲတွေတော့ ရန်ဖြစ်ရင် အရေးယူမယ်လို့ အသိပေး ကြေညာစာ ကပ်ထားတယ်။ အရေးယူခံရမှာရာ တရုတ်ဘက် ဝင်ခွင့် ပိတ်ခံရမှာရယ် စိုးလို့ ကျနော်ကတော့ အတတ်နိုင်ဆုံး ရန်မဖြစ်၊ စကားမများမိအောင် ရှောင်တယ်။ ဒီအလုပ်က စိတ်တိုလို့လည်း မရဘူးလေ။”

နေပူတဲ့နေ့ဆိုရင် ကွန်ကရစ်လမ်းက အပူပြန်တက်လာတယ်။ မိုးရွာတဲ့နေ့ဆိုရင် အဝတ်အစား တကိုယ်လုံး စိုရွှဲသွားတာပေါ့။ ရေတွေ လျှံနေတဲ့နေ့တောင် အလုပ်က မရပ်ဘူး။

“မိုးရွာလည်း သွားရတာပဲ။ ရေလျှံလည်း သွားရတာပဲ။ မသွားရင် အဲဒီနေ့ ဝင်ငွေမရှိဘူးလေ။ အလုပ်က ဒီအလုပ်ပဲ ရှိတာဆိုတော့ အလုပ်ရှိနေတာကိုပဲ ကျေးဇူးတင်ရမယ်။”

တခေါက်သယ်ပြီးရင် တရုတ်ငွေ ယွမ် ၇၀ ကနေ ၁၂၀ ကြား ရတယ်။ အဲဒီငွေထဲက နေ့လယ်စာ၊ ညစာ၊ သောက်ရေနဲ့ အသုံးစရိတ်တွေကို ချွေတာပြီး သုံးရတယ်။ တနေ့ ယွမ် ၃၀ အောက်ပဲ သုံးတယ်၊ အတတ်နိုင်ဆုံး ချွေတာတယ်။ မဟုတ်ရင် မိသားစုဆီ ပို့ဖို့ ငွေ မကျန်တော့ဘူး

တခါတလေ အလုပ်တခေါက်ပဲ ရတယ်။ တခါတလေ ၂ ခေါက် ရတယ်။ ဒါပေမဲ့ ၂ ခေါက် ရတဲ့နေ့ဆိုရင် ခန္ဓာကိုယ်တခုလုံးက အားကုန်ခန်းသွားသလို ခံစားရပြီး အရမ်းပင်ပန်းတယ်။ အလုပ်က နေ့တိုင်း လုပ်ရမှာဆိုတော့ ၂ ခေါက်ကြီးပဲ ဝင်နေရင် ကြာရင် မခံနိုင်ဘူးလေ။ ကျန်းမာရေးက ရှိသေးတာကို။ ဒါကြောင့် တခေါက်ပဲ ဝင်ပြီး အေးဆေးနားတာ များပါတယ်။

“တခေါက် ထပ်ဝင်နိုင်ရင် ဝင်တာပေါ့။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်”

နယ်စပ်ဂိတ်မှာ မူဝါဒက ပုံသေ မဟုတ်ဘူး။ တခါတလေ ကုန်ပစ္စည်းတွေ ဖမ်းဆီးခံရတယ်။ ကုန်သည်တွေ ဂိတ်ဝနားမှာ ရပ်စောင့်နေကြရတယ်။ တချို့က ငွေနဲ့ ညှိနှိုင်းပြီး ပြန်ရွေးကြပေမဲ့ တချို့ပစ္စည်းတွေကတော့ ပြန်မရတော့ဘူး။

“ဖမ်းတယ်လို့ သတင်းကြားရင် အဲဒီနေ့ မထွက်တော့ဘူး။ အခြေအနေကို စောင့်ကြည့်ရတယ်။ ပစ္စည်း ပြန်သယ်လို့ရတဲ့အထိ စောင့်ရတာပဲ။”

ချွေးစိုရွှဲနေပြီး လက်ဖဝါး နှစ်ဖက်က နီရဲနေပေမဲ့ သူ့စိတ်ထဲမှာတော့ လက်နာတာ၊ ခါးနာတာထက် ပိုအရေးကြီးတဲ့ မေးခွန်းတခု ရှိနေတယ်။

“ဒီနေ့ ရတဲ့ငွေနဲ့ အိမ်ခန်းခ ပေးပြီးရင်... ဇနီးနဲ့ ကလေးတွေဆီ ဘယ်လောက် ပို့နိုင်မလဲ။”

သူ့အတွက် ကီလို ၁၀၀ ရဲ့ အလေးချိန်က ပစ္စည်းရဲ့ အလေးချိန်တင် မဟုတ်ဘူး။ မိသားစုတခုလုံးရဲ့ စားဝတ်နေရေး၊ မျှော်လင့်ချက်နဲ့ အသက်ရှင်ရပ်တည်ရေးကိုပါ နေ့တိုင်း လက်နှစ်ဖက်နဲ့ ဆွဲယူနေရတဲ့ အလေးချိန် ဖြစ်နေလို့ပါပဲ။

ကိုစိုင်းအတွက် နယ်စပ်ကို ထွက်လာဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့က တရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အဲဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့တယ်လေ။ 

“အမေ မကျန်းမာဖြစ်နေတုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုမှာ စစ်မှုထမ်းနေတဲ့ ကျနော့်ညီကို အမေ တွေ့ချင်တယ်။ ညီက ကျန်းမာရေး ဆိုးနေပြီဖြစ်တဲ့ အမေ့နား နေပေးပြီး ခဏတာဖြစ်ဖြစ် ပြုစုချင်ခဲ့တယ်။ ဒါပမဲ့ အိမ်ပြန်ခွင့်မပေခဲ့းဘူး။”

အဲဒီစကားကို ပြောတဲ့အချိန်မှာ ကိုစိုင်းရဲ့အသံက တိတ်သွားတယ်။ အမေ နေမကောင်း ဖြစ်နေတယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ ညီက မိသားစုနဲ့ ဝေးနေခဲ့ပြီ။ ပြန်လာချင်ပေမဲ့ ပြန်ခွင့်မပြုခဲ့ကြဘူး။ တဖက်မှာ အမေ့ကျန်းမာရေး၊ တဖက်မှာ စည်းကမ်းနဲ့ ဖိအား။

“အမေက အရမ်းအခြေအနေဆိုးလာတော့ ညီကို သွားခေါ်ဖို့ သွားခဲ့တာပါ။ ကျနော်တို့ ပြန်မရောက်သေးဘူး အမေ ဆုံးသွားပြီ။ အသက်မမီခဲ့ဘူး။ အမေနဲ့ နောက်ဆုံး စကားပြောခွင့်တောင် မရခဲ့ဘူး။”

သူ့ဘဝမှာ အဲဒီနေ့က အမေနဲ့ ဘယ်တော့မှ စကားပြောခွင့် ပြန်မရနိုင်တော့တဲ့ နာကျင်စရာ နေ့တနေ့ ဖြစ်သွားခဲ့ရတယ်။ မိသားစုထဲက ဘယ်သူမှ အမေ အသက်ထွက်ချိန်မှာ အနားမှာ ရှိမနေနိုင်ခဲ့ကြဘူး။ နောက်ဆုံးအချိန်ကို မမြင်လိုက်ရသလို၊ နောက်ဆုံးစကားကိုလည်း မပြောလိုက်ရဘူး။

“စိတ်ထဲမှာ အရမ်းနာကျင်ရတယ်။ မောင်နှမတွေ တယောက်မှ အမေ အသက်ထွက်သွားတာ အနားမှာ ရှိမနေနိုင်ခဲ့ဘူး။”

အဲဒီနာကျင်မှုက သူ့ကို မေးခွန်းတခု မေးစေခဲ့တာပါ။ သူ့အမေ မရှိတော့တဲ့နောက် မိသားစုရဲ့ အားကိုးရာက သူ ဖြစ်လာခဲ့တယ်။ အဖေကလည်း အသက်ကြီးလာပြီ။ ညီကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်သွားလို့ မရတဲ့ အခြေအနေထဲ ရောက်နေတယ်။ ညီ့ကို စစ်မှုထမ်း ထပ်ပြီး မသွားစေချင်တော့ဘူး။ ဇနီးနဲ့ ကလေးနှစ်ယောက်ရဲ့ စားဝတ်နေရေးကလည်း သူ့ပခုံးပေါ် ကျလာတာပေါ့။

“အမေကလည်း ဆုံးပြီ။ အဖေကလည်း အားကိုးဖို့ မရတော့ဘူး။ မိသားစုတခုလုံးရဲ့ အလုပ်၊ စားဝတ်နေရေး၊ အစစအရာရာ ကျနော့်ခေါင်းပေါ် ရောက်လာတာပေါ့။”

အဲဒီအချိန်မှာ ရွာမှာ နေဖို့ကလည်း မလွယ်တော့ဘူး။ အရင်လို မီးသွေးလုပ်ငန်း ဆက်လုပ်ဖို့လည်း အဆင်သိပ်မပြေဘူးလေ။ စစ်ရေးအခြေအနေကြောင့် အလုပ်တွေ ရပ်သွားတယ်။ နေ့တိုင်း ဝင်ငွေရနိုင်မဲ့ အလုပ်တခုကို ရှာရတော့တာပေါ့။ အဲဒီအချိန်မှာ မူဆယ်နယ်စပ်က အလုပ်ကို သူ ရွေးခဲ့တာ။ ဒါပေမဲ့ အဲဒီရွေးချယ်မှုမှာ သူတယောက်တည်း ထွက်လာလို့ မရဘူးလေ။

သူ့နောက်မှာ ဇနီးရှိတယ်၊ ကလေး ၂ ယောက်ရှိတယ်။ အတူတူ ထွက်လာရင် မိသားစုတစုလုံး အဆင်မပြေဘဲ အန္တရာယ်ပါ ရှိလာနိုင်တယ်။ ဒါကြောင့် သူတို့ ၂ ယောက် ဆုံးဖြတ်ချက်ချခဲ့ကြတာ။ လင်မယားအဖြစ် မနေတော့သလို ဟန်ဆောင်ဖို့ပေါ့။

“မခွဲနေချင်ပါဘူးဗျာ။ ဒါပေမဲ့ အခြေအနေကြောင့်ပဲ ခွဲနေနေရတာပါ။ လူတွေအမြင်မှာ ကွာရှင်းသွားတဲ့ မိသားစုတခု ဖြစ်သွားတာပေါ့။ ကလေးတွေက ငယ်သေးတော့ မသိကြဘူး။ သူတို့အတွက်တော့ အဖေက အဝေးမှာ အလုပ်လုပ်နေတယ်လို့ပဲ ထင်ကြမှာပါ။”

ရွာမှာတော့ လူတွေက တကယ်ကွာရှင်းသွားပြီလို့ ထင်နေကြတာ။ သူတို့ ၂ ယောက်ရဲ့ လျှို့ဝှက်ချက်ကို သိတဲ့သူက မိသားစုနှစ်ဖက်ကလွဲရင် မရှိသလောက်ပဲ။ တခါတလေ ကျောင်းပိတ်ရက်တွေမှာ ဇနီးက ကလေးတွေကို ခေါ်ပြီး မူဆယ်ကို လာတယ်။ တွေ့ဆုံချိန်က နာရီအနည်းငယ်ပဲ ဖြစ်ပေမဲ့ အဲဒီနာရီအနည်းငယ်က သူ့အတွက် တလစာ အသက်ရှင်ဖို့နဲ့ အလုပ်လုပ်ဖို့ အားအင်ဖြစ်ရတာပါ။

“တွေ့ရင် သုံး၊ လေးနာရီလောက်ပဲ တွေ့ရတာ။ ဒါပေမဲ့ အဲဒီအချိန်လေးကိုပဲ မျှော်လင့်ပြီး စောင့်နေရတာပါ။”

အမေကို မနှုတ်ဆက်လိုက်ရတဲ့ နာကျင်မှုနဲ့ စတင်ခဲ့တဲ့ ခွဲခွာမှုဟာ အခုတော့ သူ့ဘဝရဲ့ နေ့စဉ်အဖြစ် ဖြစ်လာခဲ့ပြီ။ မနက် ၁ နာရီမှာ နယ်စပ်ဂိတ်ကို သွားဖို့ ထရတယ်။ နေ့လယ်မှာ ကီလို ၁၀၀  ဝန်းကျင်လေးတဲ့ ကုန်ပစ္စည်းတွေကို လက်နဲ့ ဆွဲရတယ်။ ညရောက်ရင် ငှားရမ်းထားတဲ့ အခန်းငယ်လေးထဲ ပြန်အိပ်ရတယ်။ နောက်နေ့ မနက် ၁ နာရီမှာတော့ အဲဒီသံသရာကို ပြန်စရတာပါပဲ။

ကိုစိုင်းအတွက် အခက်ဆုံးအချိန်က နယ်စပ်ဂိတ်မှာ ကုန်ဆွဲရတဲ့အချိန် မဟုတ်ဘူး။ ကီလို တရာလောက်ရှိတဲ့ ကုန်ပစ္စည်းကို လက်နဲ့ဆွဲရတဲ့အချိန်လည်း မဟုတ်ပါဘူး။ သူ အခက်ဆုံး ခံစားရတဲ့အချိန်က မိသားစုနဲ့ ပြန်ခွဲရတဲ့အချိန်တွေ ဖြစ်တယ်။ လချီကြာပြီးမှ တခါ၊ တခါ တွေ့ရရင်လည်း နာရီအနည်းငယ်ပဲ။ အဲဒီနာရီအနည်းငယ်အတွက် သူက ရက်ပေါင်းများစွာ စောင့်နေရတာပါ။

“ဇနီးနဲ့ ကလေးတွေကို လချီကြာမှ တခါပဲ တွေ့ရတာ များတယ်။ ကလေးတွေကိုတော့ သတိရတာပေါ့ဗျာ။”

သူ့မိသားစုက သူနဲ့အတူ မနေတော့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ပြတ်သွားတာ မဟုတ်ပါဘူး။ လူတွေမသိအောင် ဆက်ပြီး အသက်ရှင်နေရတဲ့ မိသားစုတစု ဖြစ်နေတာ။ ဇနီးဖြစ်သူက နဂိုနေရာ ရွာဘက်မှာပဲ ယောက္ခမ အိမ်မှာ ကလေးတွေနဲ့ နေတယ်။ သူက မူဆယ်မှာ နေပြီး အလုပ်လုပ်တာပေါ့။

သူတို့ကြားမှာ မိုင် ဆယ်ချီ အကွာအဝေး ရှိတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး လျှို့ဝှက်ထားရတဲ့ အကွာအဝေးတခုလည်း ရှိနေတယ်။ လူတွေမသိအောင် နေထိုင်ရတဲ့ အကွာအဝေးပေါ့။

တခါတလေ ကျောင်းပိတ်ရက်တွေမှာ ဇနီးက ကလေးတွေကို ခေါ်ပြီး မူဆယ်ဘက် လာတယ်။ အဲဒီနေ့တွေက ကိုစိုင်းအတွက် အလုပ်ထက် ပိုအရေးကြီးတဲ့နေ့တွေ ဖြစ်တယ်။ အချိန်မဖြုန်းနိုင်ဘူး။ တွေ့ရမဲ့နေရာ၊ တွေ့ရမဲ့အချိန်၊ ဘယ်သူ မသိအောင် သွားရမလဲ ဆိုတာတွေကို အရာအားလုံး စဉ်းစားရတာ။

“ပတ်ဝန်းကျင်ကို မသိစေချင်ဘူး။ ဇနီးနဲ့ အဆက်အသွယ် ရှိတယ်ဆိုတာ မသိစေချင်ဘူး။ အဲဒါကြောင့် သူ့ဘက်က ဆက်သွယ်လာမှ ပိုအဆင်ပြေတယ်။”

တွေ့တဲ့အချိန်မှာတော့ သူက ဖခင်တယောက် ပြန်ဖြစ်လာတယ်။ နယ်စပ်ဂိတ်မှာ ကုန်ဆွဲရတဲ့သူထက်၊ လက်ဖဝါးအသားမာတွေနဲ့ အသက်မွေးနေရတဲ့ ကယ်ရီသမားထက် သားသမီးတွေအတွက် မားမားမတ်မတ် ရပ်တည်နေတဲ့ ဖခင်တယောက် ဖြစ်လာတယ်။ ကလေးတွေကတော့ အဖေတို့ရဲ့ အခြေအနေကို မသိကြသေးဘူး။ ဘာကြောင့် အဖေက အတူမနေရလဲ၊ ဘာကြောင့် အဖေက အမြဲမတွေ့ရလဲဆိုတဲ့ မေးခွန်းတွေကို သူတို့ နားမလည်သေးဘူးလေ။

“သူတို့က ငယ်သေးတော့ သိမှာမဟုတ်ဘူး။ ထူးထူးခြားခြား မမေးကြဘူး။ သတိရတယ် ဆိုတာတော့ ပြောကြတာပေါ့။”

ကလေးတွေနဲ့ တွေ့ရတဲ့အချိန်မှာ ကိုစိုင်းက အလုပ်အကြောင်း မပြောချင်ဘူး။ နယ်စပ်ဂိတ်အကြောင်း မပြောချင်ဘူး။ ဘယ်လောက် ပင်ပန်းတယ်ဆိုတာ မပြောချင်ဘူး။ သူ့အတွက် အရေးကြီးတာက ကလေးတွေရှေ့မှာ အားကိုးရာ၊ ခိုလှုံရာ ပေးနိုင်တဲ့ ဖခင်တယောက်အဖြစ် ရှိနေဖို့ပဲ။

ဒါပေမဲ့ အဲဒီအချိန်တွေက မြန်မြန်ကုန်သွားတတ်တာပါပဲ။ နာရီအနည်းငယ်ကြာပြီးရင် ပြန်ခွဲရတော့မယ်။ အဲဒီအချိန်က ကိုစိုင်းအတွက် အခက်ဆုံးအချိန် ဖြစ်တယ်။ တခါတလေ ဇနီးနဲ့ ကလေးတွေကို လမ်းတဝက်အထိ ရုပ်ဖျက်ပြီး လိုက်ပို့ရတယ်။ တော၊ တောင်လမ်းကြားတွေကို ဖြတ်ပြီး သားအမိတွေ ပြန်သွားတဲ့ ကျောပြင်ကို မျက်စိတဆုံး ကြည့်နေခဲ့မိတယ်။ 

“သူတို့ ပြန်သွားတာကို ကြည့်နေရတာ စိတ်မချဘူး။ တဖြည်းဖြည်း ဝေးသွားတာကို ကြည့်ပြီး အဆင်ရော ပြေကြပါ့မလားပေါ့။”

သူ့အတွက် အဲဒီမြင်ကွင်းက မမေ့နိုင်တဲ့ မြင်ကွင်းတခု ဖြစ်နေတာပေါ့။ တဖက်မှာ သူ့ဇနီး၊ တဖက်မှာ သူ့ကလေးတွေ။ သူကတော့ မူဆယ်ဘက်ကို ပြန်ရမယ်။ နောက်နေ့ မနက် ၁ နာရီမှာ ဂိတ်သွားရမယ်။ ကီလို ၁၀၀ ကို ထပ်ဆွဲရမယ်။ မိသားစုဆီ ပို့ဖို့ ငွေရှာရမယ်။

အိမ်ခန်းငှားခ ရှင်းရတဲ့နေ့တွေကလည်း သူ့အတွက် စိတ်ဖိစီးရတဲ့နေ့တွေ ဖြစ်တယ်။ မူဆယ်မှာ အခန်းခဈေးကြီးတယ်။ တလ တသိန်းလောက် ပေးရတာတောင် တခြားသူတွေနဲ့ မျှနေရတာ။ အခန်းခရှင်းလိုက်ရင် မိသားစုဆီ ပို့ဖို့ ငွေကျန်တာ နည်းသွားရော။

“အခက်ဆုံးက အိမ်ခန်းခ ရှင်းရတဲ့အချိန်ပဲ။ အခန်းခပေးလိုက်ရင် မိသားစုကို ပေးဖို့ငွေ မရှိတော့ဘူး။”

ဒါပေမဲ့ သူ မနေနိုင်ဘူးလေ။ သူ့အတွက် အလုပ်မလုပ်ဘဲ နေလို့မရဘူး။ မိသားစု ရှိနေသေးတယ်။ ကလေးတွေရှိနေသေးတယ်။ သူ့အပေါ် မှီခိုနေတဲ့ လူတွေရှိနေသေးတယ်လေ။

“ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ရှင်သန်နိုင်ဖို့က အလုပ်တော့ လုပ်နေရမှာပဲ။ အလုပ် ရှိနေဖို့ လိုတာပေါ့။”

အဲဒီစကားနဲ့ပဲ သူ နေ့တိုင်းကို ဖြတ်သန်းနေတာ။ နယ်စပ်မျဉ်းပေါ်မှာ၊ မိသားစုနဲ့ ဝေးနေတဲ့နေရာမှာ။ ဒါပေမဲ့ မိသားစုအတွက်ပဲ အသက်ရှင်နေတဲ့နေရာမှာပေါ့။

တချိန်က ကိုစိုင်းရဲ့လက်တွေဟာ မီးသွေးဖိုက မီးခိုးတွေနဲ့ အလုပ်လုပ်ခဲ့တဲ့ လက်တွေ ဖြစ်ခဲ့တာပါ။ ရွာမှာ ကိုယ်ပိုင်လုပ်ငန်း ရှိတယ်၊ မိသားစုနဲ့ အတူတူနေတယ်။ မနက်ခင်းဆိုရင် အလုပ်သွားဖို့ ပြင်ဆင်တယ်၊ ညနေဆိုရင် အိမ်ပြန်ရောက်တယ်။ အိမ်တံခါးဖွင့်လိုက်ရင် ဇနီးနဲ့ ကလေးတွေ ရှိနေခဲ့တာ။

အဲဒီဘဝက အခုနဲ့ တခြားစီ မတူတော့ဘူး။ အခုတော့ သူ့လက်တွေက ကုန်အိတ်ကြိုးတွေကို ဖမ်းထားရတဲ့ လက်တွေ ဖြစ်လာပြီ။ မီးသွေးဖိုအစား နယ်စပ်ဂိတ်က သူ့အလုပ်ခွင် ဖြစ်လာတယ်။ မိသားစုနဲ့ အတူထမင်းစားရတဲ့အချိန်အစား လမ်းဘေးမှာ အလျင်စလို ဖြစ်သလို ဝယ်စားရတဲ့ ထမင်းတနပ် ဖြစ်လာခဲ့ရတာပေါ့။

“အရင်လို အလုပ်ပြန်လုပ်ချင်တာပေါ့ဗျာ။ ဒါပေမဲ့ အခုအချိန်မှာတော့ အဆင်မပြေသေးဘူး။”

သူ့အတွက် ဆုံးရှုံးသွားတာက ပိုက်ဆံတခုတည်း မဟုတ်ဘူး။ မိသားစုနဲ့ အတူတူ နေခွင့်ရတဲ့ နေ့ရက်တွေပါပဲ။

မူဆယ်မှာ ဖြတ်သန်းရတဲ့ သူ့ဘဝက နေ့တိုင်း တူညီနေတယ်။ မနက် ၁ နာရီ Alarm မြည်တယ်၊ မျက်လုံးဖွင့်တယ်၊ အခန်းထဲမှာ အမှောင်ပဲ ရှိတယ်။ အိပ်ရာက ထပြီး အဝတ်အစားဝတ်၊ ညီဖြစ်သူနဲ့ ဆိုင်ကယ်စီးပြီး နယ်စပ်ဂိတ်ကို ထွက်ရတယ်။ ဂိတ်မှာ လူတွေနဲ့အတူ စောင့်ရတယ်။ တနေ့စာ ဝင်ငွေအတွက် စောင့်တယ်၊ မိသားစုအတွက် စောင့်တယ်၊ အနာဂတ်အတွက် စောင့်တယ်။

“ဒီနေ့ ပစ္စည်းရပါ့မလား။ ဂိတ်မှာ ဖြတ်ပေးပါ့မလား။ ဖမ်းတာတွေ ရှိမလားဆိုတာပဲ တွေးနေရတာ”

တနေ့ပြီး တနေ့ ဒီလိုပဲ လည်ပတ်နေတာ။ သူ့ဘဝမှာ အကြီးဆုံးကြောက်ရွံ့မှုက ပစ္စည်းဖမ်းဆီးခံရတာ မဟုတ်ဘူး။ အလုပ်မရှိတော့မှာ၊ ဝင်ငွေမရှိတော့မှာ၊ မိသားစုကို မထောက်ပံ့နိုင်တော့မှာ... အဲဒါကိုပဲ သူကြောက်တာပါ။ သူ့အိပ်မက်က အကြီးကြီး မဟုတ်ပေမဲ့ မိသားစုနဲ့ ပြန်နေချင်တာ၊ ကလေးတွေကို ကျောင်းကောင်းကောင်းထားချင်တာ၊ သူတို့ကို ပညာတတ်စေချင်တာ... အဲဒါပါပဲ။

“ကလေးတွေကိုတော့ ကျောင်းကောင်းကောင်းထားနိုင်ပြီး ပညာတတ်စေချင်တယ်။ သူတို့ဘဝကို ကျနော့်လို မဖြစ်စေချင်ဘူးဗျာ။”

အဲဒီအိပ်မက်လေးအတွက်ပဲ သူ နေ့တိုင်း ကုန် ကီလို ၁၀၀ လေးတာကို ဆွဲနေရတာ။ ညနေခင်း အလုပ်ပြီးလို့ အခန်းငယ်လေးထဲ ပြန်ရောက်လာရင် ဖုန်းကို ဖွင့်ကြည့်တယ်။ ဇနီးနဲ့ ကလေးတွေရဲ့ သတင်းကို စောင့်ရတယ်။

တခါတလေ ဖုန်းခေါ်လာရင် အချိန်တိုတိုလေးပဲ ပြောရတယ်။ ပတ်ဝန်းကျင်က မသိအောင်၊ သူတို့ရဲ့ လျို့ဝှက်ချက် မပေါက်ကြားအောင်ပေါ့။ ဖုန်းချပြီးတဲ့နောက် အခန်းထဲမှာ တိတ်ဆိတ်သွားပြန်ရော။

နောက်နေ့ မနက် ၁ နာရီမှာ ထပ်ထရမယ်၊ ထပ်သွားရမယ်၊ ကုန်ပစ္စည်းထုပ်တွေ ထပ်ဆွဲရမယ်။ နယ်စပ်မျဉ်းတလျှောက်မှာ နေ့တိုင်း လူထောင်ပေါင်းများစွာ လှုပ်ရှားနေကြတာပဲ။ တချို့က ကုန်သွယ်ဖို့၊ တချို့က အလုပ်ရှာဖို့၊ တချို့က အသက်ရှင်ဖို့။

ကိုစိုင်းအတွက်တော့ အဲဒီနယ်စပ်က လမ်းတခု မဟုတ်ဘူး။ သူ့မိသားစုဆီ ပြန်ရောက်နိုင်ဖို့ ကြိုးစားနေရတဲ့ “အသက်သွေးကြော”တခု ဖြစ်နေတာ။ ဒါပေမဲ့ အဲဒီအသက်သွေးကြောပေါ်မှာ သူက နေ့တိုင်း လျှောက်နေရတယ်။ မိသားစုနဲ့ ဝေးနေတဲ့ ဖခင်တယောက်အဖြစ်၊ လျို့ဝှက်ချက်တွေနဲ့ အသက်ရှင်နေရတဲ့ ခင်ပွန်းတယောက်အဖြစ်၊ ကုန်ပစ္စည်းထုပ် ကီလို ၁၀၀ ကို လက်နှစ်ဖက်နဲ့ ဆွဲပြီး မနက်တိုင်း အသက်ရှင်ဖို့ ကြိုးစားနေတဲ့ အလုပ်သမားတယောက် အဖြစ်နဲ့ပေါ့။ မနက် ၁ နာရီရောက်တိုင်း သူ့နေ့သစ်က ပြန်စတယ်။ နယ်စပ်မျဉ်းပေါ်မှာ... သူ့မိသားစုအတွက်။

Pra Jaw 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013