
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး တွက်ချက်မှုအရ အပိုင်းလိုက် ရွေးကောက်ပွဲတွေအပြီး ပြည်သူ့လွှတ်တော်မှာ ၃၇၅ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၂၁၃ နေရာ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလွှတ်တော် ၂ ခုပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ၅၈၈ နေရာရှိလာမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေသာ သမ္မတကို ခန့်အပ်နိုင်ပြီး ဒီလိုခန့်နိုင်ဖို့ဆို ပါတီတခုအနေနဲ့ အနည်ဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၉၅ ဦး အနိုင်ရမှသာ ဖြစ်ပါမယ်။
စစ်တပ်ကတော့ တပ်ကိုယ်စားလှယ် ၁၆၆ ဦးကို ပြည်ထောင်စုလွှတ်တော်မှာ အလိုအလျောက်နေရာယူထားစေပြီးဖြစ်ပါတယ်။ စစ်တပ်ရဲ့ ခါးပိုက်ဆောင်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကလည်း နေရာ ၁၄ နေရာမှာ ပြိုင်ဘက်မရှိတာကြောင့် အနိုင်ရထားပြီးပါပြီ။
တပ်ကိုယ်စားလှယ်အရေအတွက်နဲ့ မပြိုင်ဘဲနိုင်တဲ့ ကြံ့ခိုင်ရေးအမတ်အရေအတွက်ကို ဖယ်ထုတ်လိုက်ပါက ကျန်တဲ့အမတ်နေရာဟာ ၄၀၈ နေရာရှိပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ စစ်တပ်နဲ့ပေါင်းပြီး သမ္မတတင်၊ အစိုးရဖွဲ့နိုင်ဖို့ဆို ၁၁၅ နေရာသာ ထပ်မံ အနိုင်ရဖို့ လိုပါတယ်။ အကယ်၍ တပ်ကိုယ်စားလှယ်အရေအတွက်ကို ထည့်မပေါင်းဘဲ ပြိုင်ပါကလည်း တပ်ကလာမဲ့ မဲတွေဟာ ကြံ့ခိုင်ရေးပါတီဆီကိုသာ ရောက်ရှိဖို့ သေချာနေကြောင်းကို စစ်ခေါင်းဆောင်တွေရဲ့ တပ်တွင်း စည်းရုံးရေးဆင်းပေးမှုတွေက ညွှန်ပြနေပါတယ်။
ဒါပေမယ့် ကျန်ပါတီတွေအတွက်တော့ ၄၀၈ နေရာထဲက ၂၉၅ နေရာကို ပါတီတခုတည်းကပဲ အနိုင်ရသွားဖို့ဆိုတာ လုံးဝမလွယ်ကူတဲ့ အနေအထားလည်းဖြစ်ပါတယ်။











