
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်၊ တီမားရွာကို စစ်အာဏာရှင်တပ်က သြဂုတ် ၁၄ ရက် ည ၈ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ MNDAA သတင်းရင်းမြစ်ကနေ သိရပါတယ်။
တိုက်ပွဲတွေ ငြိမ်သက်နေတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့ MNDAA ထိန်းချုပ် ရှမ်းမြောက်ဒေသကို အာဏာရှင်စစ်တပ်က ပြန်လည်ဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပြီး ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ ဆိုပါတယ်။
MNDAA စစ်ရေးသတင်းအရင်းအမြစ်က “တီမားရွာက အထူးဒေသ ၁ ထဲပါတယ်ဆိုပေမဲ့ အဲဒီမှာက SSPP ကော KIA ကောရှိပါတယ်။ တိုက်ပွဲလည်းမရှိဘဲ ဗုံး ၂ လုံးကြဲသွားတာပါ” လို့ ပြောပါတယ်။
တီမားရွာဟာ နမ့်ဖက်ကာ-တာမိုးညဲ-၁၀၅ မိုင်ကြားမှာ ရှိနေတာဖြစ်ပြီး SSPP တပ်ရဲ့ စစ်ရေးလေ့ကျင့်ရေးကွင်းလည်းရှိသလို KIA တပ်တွေလည်း ရှိနေတာပါ။
ဒေသခံတယောက်က “တီမားရွာက ရင်ကတည်းက အမည်းရောင်နယ်မြေ။ အားလုံးက လက်နက်ကိုင်တယ်၊ မူးယစ်ဆေးတွေ လုပ်ကြတယ်။ ဘာကြောင့် ဗုံးလာကြဲလဲ ကျနော်တို့လည်း မသိဘူး"လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး MNDAA၊ TNLA တို့ အပစ်ရပ်လိုက်ပြီးနောက် စစ်တပ်က နောက်ဆုံး ဗုံးကြဲ တိုက်ခိုက်တာဟာ ကွတ်ခိုင်မြို့က ရာစုသစ်ဟိုတယ်ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၂ က ရာစုသစ်ဟိုတယ် ၂ ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ် အပါအဝင် အရပ် သား ၆ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တာပါ။











