မြန်မာစစ်အာဏာရှင် ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေမှာ ပြန်လည် တက်ရောက်ခွင့်ပေးဖို့ ‘အလှမ်းဝေးနေသေး’ တယ်လို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို က ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်လို့ လူသိများတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာခြင်း ရှိ၊ မရှိ ဆက်လက်သုံးသပ်နေဆဲဖြစ်လို့ အာဆီယံ အစည်းအဝေးတွေကို ပြန်လည်တက်ရောက်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက မနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒါဟာ အလှမ်းဝေးနေပါသေးတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်တဲ့ လာဇာရိုက ပြောပါတယ်။
“သူတို့ရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါတယ်။”
၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တခု ဦးဆောင်သွားဖို့ရှိနေတဲ့ လာဇာရိုက ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုဘယ်လ်ဆုရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရ၊ မရ ဆိုတာလည်း မသေချာသေးဘူးလို့ ပြောပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေး လမ်းပြမြေပုံဆိုင်ရာ တိုးတက်မှုတွေကို တိုင်းတာဖို့ အာဆီယံအဖွဲ့အနေနဲ့ စံချိန်စံညွှန်းတွေ သတ်မှတ်သွားမှာဖြစ်ပြီး ဒီစံချိန်စံညွှန်းတွေကို မပြည့်မီရင် လိုက်နာဖို့ ပျက်ကွက်မှုအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့လည်း လာဇာရိုက ဆက်ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရက်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၂ လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်တဲ့ အာဆီယံ အစည်းအဝေးမှာ သဘောတူညီခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး တောင်းဆိုထားတဲ့ အဆိုပါ သဘောတူညီချက် ၅ ရက်ကို စစ်အာဏာရှင်ဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့လို့ အာဆီယံက မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။
မြန်မာစစ်အာဏာရှင်ဩဇာခံ လွှတ်တော်ကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုဆိုပြီးပယ်ချထားပါတယ်။
Source: Reuters











