
၂၀၂၀ ရွေးကောက်ပွဲတုန်းကအနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေဟာ ဗစ်တိုးရီးယားပြည်နယ် ပါလီမန်လွှတ်တော်သို့ သွားရောက်ပြီး မြန်မာ့အရေးတင်ပြဆွေးနွေးခဲ့ကြပါတယ်။
မဲလ်ဘုန်းမြို့ရှိ ဗစ်တိုးရီးယားပါလီမန် လွှတ်တော်အမတ်တွေရဲ့ ဖိတ်ကြားချက်အရ သွားရောက်တွေ့ဆုံခဲ့တာလို့ ဦးဆောင်သွားရောက်ခဲ့သူ ပဲခူးတိုင်း NLD ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က DVB ကို ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းရှိ ရေဘေးသင့် ပြည်သူတွေကို စစ်အာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုတွေ၊ စစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကိုလည်း ဩစတြေးလျ လွှတ်တော်အမတ်တွေကတဆင့် ဩစတြေးလျ အစိုးရထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ဗစ်တိုးရီးယား ပါလီမန်သို့ သွားရောက် တင်ပြခဲ့ကြတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ မဲလ်ဘုန်းမြို့ရောက် နွေဦးတော်လှန်ရေး လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေကလည်း မြန်မာ့အရေးကို ဩစတြေးလျ လွှတ်တော်အမတ်တွေကတဆင့် ကမ္ဘာက သိရှိအောင် ဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ကြသလို အိတ်ဖွင့်ပေးစာတွေလည်း ပေးပို့ခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေရောင်ဓာတ်ပုံတွေနဲ့ ရွှေရောင်ရင်ထိုးတွေကိုလည်း ဗစ်တိုးရီးယား ပါလီမန်အမတ်တွေထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြပါတယ်။











