
အင်ဒိုနီးရှားနိုင်ငံ၊ ဟယ်လ်မာဟီရာကျွန်းပေါ်က ဒူကိုနိုမီးတောင် ပေါက်ကွဲပြီးတဲ့နောက် အာဏာပိုင်တွေက ပျောက်နေတဲ့ စင်ကာပူနိုင်ငံသား ၂ ယောက်ရဲ့ နေရာကို မေ ၉ ရက်မှာ ရှာတွေ့ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ အသက်ရှင်၊ မရှင် မသိရသေးဘဲ အင်ဒိုနီးရှားအမျိုးသမီး တောင်တက်သမားတယောက် သေဆုံးတာကို အတည်ပြုခဲ့ပါတယ်။
ပျောက်နေသူ ၂ ယောက်စလုံးဟာ မီးတောင်ရဲ့ အဓိက အူကြောင်းအဝကနေ ၆၅ ပေနဲ့ ပေတရာ အကွာတို့မှာ အသီးသီး ရှိခဲ့ပုံရတယ်လို့ ဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ်ဒူ မူဟာရီက ပြောပါတယ်။
အင်ဒိုနီးရှားအမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့ပြီး သူ့မိသားစုဆီ လွှဲပေးခဲ့တယ်လို့ အမျိုးသားရှာဖွေကယ်ဆယ်ရေး အေဂျင်စီ SAR ရဲ့အကြီးအကဲ အိုင်ဝမ်ရမ်ဒါနီက ပြောပါတယ်။
မြောက်ပိုင်း မာလုခုပြည်နယ်မှာရှိတဲ့ မီးတောင်ဟာ မေလ ၈ ရက်မှာ စတင်ပေါက်ကွဲခဲ့ပြီး ပြာမှုန်တွေကို အမြင့် ၆ မိုင်အထိ မြင့်မြင့်မားမား မှုတ်ထုတ်ခဲ့တာပါ။
ဆက်တိုက်ပေါက်ကွဲမှုတွေကြောင့် စနေနေ့ ညနေပိုင်းမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ မေ ၁၀ ရက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်စမယ်လို့ အိုင်ဝမ်က ထပ်ပြောပါတယ်။
ကယ်ဆယ်ရေးသမား အယောက် ၁၀၀ ထက်မနည်း၊ စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ဝန်ထမ်းတွေအပြင် အပူအာရုံခံ ဒရုန်း ၂ စင်းကို စနေနေ့ အစောပိုင်းမှာ ထပ်လွှတ်ပေးထားပါတယ်။
သောကြာနေ့မှာ အာဏာပိုင်တွေက စင်ကာပူနိုင်ငံသား ၇ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀ ယောက် အပါအဝင် လူ ၁၇ ယောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပေးခဲ့ ပါတယ်။
စင်ကာပူနိုင်ငံသားတွေ အပါအဝင် ပျောက်ဆုံးနေသူ ၃ ယောက် သေဆုံးသွားတယ်လို့ တောင်တက်သမားတွေက ရဲတပ်ဖွဲ့ကို ပြောခဲ့တဲ့အကြောင်း ရဲမင်းကြီး အာလစ်ဆန် ပါဆာရီဘူက ပြောပါတယ်။










