ဟန်တာဗိုင်းရပ်စ် ကူးစက်မှု ဗဟိုချက်ဖြစ်တဲ့ အပျော်စီးသင်္ဘော Hondius ပေါ်မှာရှိနေတဲ့ နိုင်ငံ ၁၉ နိုင်ငံက ခရီးသည် ၉၄ ယောက်ကို မေ ၁၀ ရက်မှာ လှေတွေနဲ့ ကယ်ထုတ်ခဲ့ပါတယ်။
အဲဒီနောက် စပိန်နိုင်ငံပိုင်၊ ကနေရီကျွန်းကတဆင့် သက်ဆိုင်ရာနိုင်ငံအသီးသီးကို ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ လေယာဉ်တွေနဲ့ ပြန်လည်ပို့ဆောင်နေပါတယ်။
ကယ်ဆယ်ရေးအစီအစဉ်ဟာ ရည်မှန်းထားတဲ့အတိုင်း အောင်မြင်တယ်လို့ စပိန်ကျန်းမာရေးဝန်ကြီး မော်နီကာဂါစီယာက ပြောကြားလိုက်ပြီး သင်္ဘောပေါ်က ဆင်းလာချိန်မှာ ခရီးသည်တွေအားလုံး ရောဂါလက္ခဏာ မပြကြဘူးလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ပြင်သစ်ကိုပြန်ရောက်လာတဲ့ ခရီးသည်တယောက်ကတော့ လေယာဉ်ပေါ်မှာ ရောဂါလက္ခဏာ ပြခဲ့တဲ့အတွက် သီးသန့်ခွဲခြားထားတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူးက အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဒီသင်္ဘောပေါ်က ခရီးသည် ၃ ယောက် သေဆုံးခဲ့ပါတယ်။
ကူးစက်ခံရသူတွေဆီမှာ လူအချင်းချင်း ကူးစက်နိုင်တဲ့ အန်းဒီးစ် ဟန်တာဗိုင်းရပ်စ်မျိုးကွဲကို တွေ့ရှိထားပေမဲ့ “ဒီဗိုင်းရပ်စ်ဟာ ကိုဗစ်-၁၉ လို ကပ်ရောဂါအသစ် မဟုတ်ဘူး” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက အတည်ပြုပါတယ်။
အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးတယ်လို့လည်း WHO အကြီးအကဲ တက်ဒရို့စ်က ဆိုပါတယ်။
သင်္ဘောပေါ်မှာ ကျန်ရှိနေတဲ့ သင်္ဘောသား ၃၀ ဟာ နယ်သာလန်နိုင်ငံ ရော့တာဒမ်ဆိပ်ကမ်းကို ၅ ရက်ကြာ ခရီးနှင်ပြီးမှ သင်္ဘောပေါ်က ဆင်းကြမှာပါ။
ဗြိတိန်အစိုးရကတော့ ဒီဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ သူတို့နိုင်ငံသားတယောက်ကို ဆေးကုသပေးဖို့ ကျွန်းတကျွန်းဆီ လေထီးစစ်သည်တွေကို စေလွှတ်ခဲ့ပါတယ်။
အပျော်စီးသင်္ဘော ဆိုက်ကပ်တာကို ကနေရီကျွန်းစု ခေါင်းဆောင်က ကန့်ကွက်ခဲ့သလို ဆိပ်ကမ်းအလုပ်သမားတွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။
ခရီးသည်တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကိုတော့ သင်္ဘောနဲ့အတူ ဆက်လက် သယ်ဆောင်သွားမှာဖြစ်ပြီး နောက်မှသာ ပြန်ပေးမှာပါ။
ခရီးသည်တွေကို နေအိမ် ဒါမှမဟုတ် အဆောက်အအုံတခုမှာ ၄၂ ရက်ကြာ ထားရှိပြီး နောက်ဆက်တွဲ စောင့်ကြည့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
Source: Reuters











